ဆက်ဘလက်တာနဲ့ ပလာတီနီကို ၈ နှစ်ပယ်

  • 21 ဒီဇင်ဘာ 2015
Sepp Blatter ဓာတ်ပုံ မူပိုင်
Image caption အမှားအယွင်း မလုပ်ခဲ့ကြောင်း ဘလက်တာ ပြော

ကမ္ဘာ့ ဘောလုံး လောကမှာ သြဇာကြီးသူတွေ ဖြစ်ကြတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆက် ဘလက်တာနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မီရှဲ ပလာတီနီ တို့ကို ဖီဖာ ကျင့်ဝတ်ကော်မီတီက ၈ နှစ် ဘောလုံး လောကကနေ တားမြစ်တဲ့ ပြစ်ဒဏ်ချ လိုက်ပါတယ်။

FIFA ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်ရဲ့ စုံစမ်း စစ်ဆေးမှု အရ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က မစ္စတာ ပလာတီနီ ကို မစ္စတာ ဘလက်တာရဲ့ အတည်ပြုချက်နဲ့ အမေရိကန်ဒေါ်လာ ၂ သန်း ပေးခဲ့တဲ့ ကိစ္စမှာ သူတို့ နှစ်ယောက်စလုံးဟာ ကျင့်ဝတ် စည်းကမ်း ချိုးဖောက် ခဲ့တယ်လို့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်လုံးက အမှားအယွင်း တစုံတရာ မလုပ်ခဲ့ကြောင်းနဲ့ အယူခံ ဝင်မယ့် အကြောင်း ပြောပါတယ်။

သူတို့ နှစ်ယောက်အပေါ် အခု တားမြစ်ချက်ဟာ ချက်ချင်း လက်ငင်း အကျိုး သက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။

အခုလို ပိတ်ပင်လိုက်တဲ့ အတွက် ကို မစ္စတာ ဘလက်တာအနေနဲ့ အချိန်ကာလ အတော်ကြာအောင် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် အုပ်ချုပ်ရေး အဖွဲ့မှာ ပါဝင်ခဲ့မှု အဆုံးသတ် သွားပြီဖြစ်ပါတယ်။

ဒါ့အပြင် သူ့ နေရာမှာ ဆက်ခံဖို့ မစ္စတာ ပလာတီနီ ရဲ့ မျှော်လင့်ချက်တွေလည်း ပျောက်ကွယ်သွားရပြီဖြစ်ပါတယ်။