တရုတ်မှာ နာမည်ကျော်ရှေ့နေကို ဆိုင်းငံ့ထောင်ဒဏ်ချ

  • 22 ဒီဇင်ဘာ 2015
Chinese dissident lawyer ဓာတ်ပုံ မူပိုင် REUTERS
Image caption ဆိုရှယ်မီဒီယာတွေကနေ ကွန်မြူနစ်ပါတီကို ဝေဖန်ခဲ့

တရုတ်အစိုးရက နာမည်ကျော် လူ့အခွင့်အရေးရှေ့နေတစ်ယောက်ကို လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်အောင် လှုံ့ဆော်မှုနဲ့ စွဲချက်တင်ပြီး ဆိုင်းငံ့ထောင်ဒဏ်သုံးနှစ်ချလိုက်ပါတယ်။

Pu Zhiqiang ဟာ ဆိုရှယ်မီဒီယာတွေကနေ ကွန်မြူနစ်ပါတီကိုဝေဖန်ခဲ့သူ ဖြစ်ပါတယ်။

ဝိဂါလူမျိုးတွေရဲ့ အုံကြွမှုတွေကို နှိမ်နင်းရာမှာ အင်အားအလွန်အကျွံ သုံးခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။

မစ္စတာပူဟာ ထောင်ထဲမှာ ၁၉ လနေခဲ့ရပြီးပြီမို့ သူ့ကို ပြစ်ဒဏ်ချပြီးပြီးချင်း ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် နေအိမ်မှာ ဆက်စောင့်ကြည့်ခံရဦးမယ်လို့ သူ့ရှေ့နေ မိုရှောင်ပင်းက ပြောပါတယ်။

သူ့အမှုသည်ဟာ အပြစ်မရှိပါဘူး၊ ဒါပေမယ့် သူ့ကို အခုလို စွဲချက်တင် ပြစ်ဒဏ်ချလိုက်တော့ မစ္စတာ ပူ ရှေ့နေလုပ်ခွင့်လည်း ရတော့မှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။

မစ္စတာပူဟာ အတိုက်အခံ အနုပညာရှင် အိုင်ဝေဝေရဲ့ အမှုတွေကို လိုက်ပါကူညီပေးခဲ့တဲ့ ရှေ့နေတစ်ယောက်လည်း ဖြစ်ပါတယ်။

မစ္စတာပူကို ပြစ်ဒဏ်စီရင်ခဲ့တာကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့ကြီးကလည်း ဝေဖန်ခဲ့ပါတယ်။