Ramadi မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲ

  • 22 ဒီဇင်ဘာ 2015
_iraq_ramadi ဓာတ်ပုံ မူပိုင် AFP
Image caption Ramadi မြို့ကို ပြန်သိမ်းမယ့် အီရတ်တပ်ဖွဲ့

အီရတ်က Ramadi မြို့ ကို ပြီးခဲ့တဲ့ မေလ ကတည်း က အိုင်အက်စ် အစ်စလမ်မစ် နိုင်ငံ တပ်ဖွဲ့ တွေ ထိန်းချုပ်ထားရာ ကနေ ပြန်လည် သိမ်းပိုက်နိုင်ရေး အတွက် အီရတ် အစိုးရ က ဒီဇင်ဘာလ ၂၂ ရက်နေ့ မှာ ထိုးစစ် ဆင်ခဲ့ပါတယ်။ အခုဆိုရင် မြို့ပြင်ဘက် က ဆင်ခြေဖုံး အရပ်တွေ ကို သိမ်းပိုက် နိုင်ခဲ့ပါပြီ။ ထိုးစစ် စတင်လိုက်တာနဲ့ အီရတ် ရုပ်သံ ကနေ တပ်မတော် ရဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့ပါတယ်။ အီရတ် နိုင်ငံတော်ရဲ့ ဂုဏ်ယူဘွယ်ရာ သားကောင်း စစ်သည်တော်တွေ ဟာ အောင်ပွဲ နဲ့ ဂုဏ်သိက္ခာ အတွက် စစ်ချီ တက်ကြပါပြီ လို့ ကြေညာ လိုက်တာပါ။

အကြမ်းဖက် အုပ်စုတွေ ကို Ramadi မြို့တွင်း ကနေ တိုက်ထုတ်ပစ်မှာပါ။ တိုက်ပွဲ သတင်းကိုလည်း ပြည်သူ တွေ ကို အသိပေးသွားပါ့မယ်လို့ ကြေညာ သွားတာပါ။ မနေ့ က ဒီဇင်ဘာလ ၂၂ ရက် နေ့က တနေကုန် မြို့သိမ်းတိုက်ပွဲ ဆင်ရာ မှာ အစိုးရတပ် ကို အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်တွေ က လေကြောင်း စစ်ဆင်ရေး နဲ့ စစ်ကူပေးသလို ဒေသခံ တိုင်းရင်းသား တွေ ကလည်း ပံ့ပိုး တိုက်ပေး ကြပါတယ်။

Ramadi မြို့ ကို ပြန်လည်သိမ်းပိုက် နိုင်ရေး ဟာ မလွှဲမသွေ တိုက်ယူရမှာ ဖြစ်တဲ့ အတွက် ပြင်းထန်တဲ့ တိုက်ပွဲ အသွင် ဆောင်နေတဲ့ အကြောင်း အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စတိဗ် ဝါရင် က ပြောပါတယ်။ အစွန်းရောက် အကြမ်းဖက်သမားတွေ ရဲ့ ကျူးကျော်စစ်တွေ လည်း ကျဆုံးရမှာပဲ လို့ ဆိုပါတယ်။

အိုင်အက်စ်တွေ ဟာ Ramadi မြို့ ကို လက်လွတ်ဆုံးရှုံးရ မှာ မလွှဲမသွေ ဖြစ်ပါတယ်။ သူတို့ကျဆုံးခန်း လည်း နီးနေပါပြီ။ ဒါပေမဲ့ ခက်ခက်ခဲခဲ နဲ့ စွန့်စား တိုက်ယူရမဲ့ တိုက်ပွဲ ပါ။ ဒါကြောင့်မို့ အီရတ် လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ ပြင်းထန် တဲ့ ခုခံစစ်တွေ နဲ့ ကြုံရဖို့ ရှိပါတယ်။ အချိန်တော့ ယူရပါမယ် လို့ ပြောတာပါ။

စုပေါင်း အထူးတပ်ဖွဲ့တွေ ဟာ မြို့ရဲ့ တောင်ဖက်မှာ ဆိုရင် ယူဖရေးတီးစ်မြစ် ကို ကူးရအောင် ရွေ့လျား အရေးပေါ်တံတား တွေကို အသုံးပြုယင်း ရာနဲ့ ချီတဲ့ အိုင်အက်စ်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ မြို့လည် ကို ဦးတည်ပြီး တစတစ သိမ်းပိုက်သွားတာပါ။

အိုင်အက်စ်တွေ ဘက်ကလည်း Ramadi ကို ဒီနှစ်ထဲမှာ သိမ်းပိုက် နိုင်ခဲ့ခြင်းဟာ မဟာအောင်ပွဲ တရပ်ဖြစ်လို့ လက်မလွှတ် ချင်ပါဘူး။ ဒါ့အပြင် အိုင်အက်စ်တွေ လက်ထဲက Mosul မြို့ ကို ပြန်လည် သိမ်းပိုက်ဖို့ အီရတ်အစိုးရ တပ် ကြိုးပမ်း ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အိုင်အက်စ် အတွက် ကလည်း Baghdad မြို့ အနောက်ဘက် နဲ့ မိုင် ၈၀ ပဲ ကွာတော့ တဲ့ မြို့ ကို ထိန်းချုပ်နိုင်ခြင်း ဟာ သူတို့ရဲ့ အောင်ပွဲ လက်တကမ်းပဲ ကျန်တော့ တဲ့ အနေအထားပါ။

စစ်ဘက်ဆိုင်ရာ အရာရှိတွေ ကတော့ ဒီသီတင်းပတ် ကုန်လောက် မှာ Ramadi ကို ပြန်သိမ်းနိုင်မယ် လို့ တွက်ထားပါတယ်။ အိုင်အက်စ်တွေ အနေနဲ့လည်း အီရတ်နဲ့ ဆီးရီးယား က သူတို့ သိမ်းထားတဲ့ နယ်မြေ တွေ ငါးပုံတပုံ ဆုံးရှုံး လာခဲ့တဲ့ အတွက် တဖက် က အီရတ် အစိုးရတပ် အားတက်စရာ ဖြစ်လာပါတယ်။ ဒါပေမဲ့ အိုင်အက်စ် ဟာ သူ့ရဲ့ သြဇာ နဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေ ကို ကမ္ဘာ့ နိုင်ငံတွေ ဘက် ဦးလှည့် လိုက်ခြင်း ကတော့ စိုးရိမ် ဘွယ်ရာ ရှိနေသေးတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က သုံးသပ် တင်ပြ သွားပါတယ်။