တာလီဘန် လိုက်လံဖမ်းဆီးသူများ

  • 22 ဒီဇင်ဘာ 2015

ပါကစ္စတန် ပြည်သူတွေဟာ ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုတွေကို အများဆုံးခံစားခဲ့ကြရပြီး အခု နှစ်ပိုင်းတွေအတွင်း ပါကစ္စတန်ထက် အီရတ်နဲ့ အာဖဂန်နစ်စတန် နိုင်ငံတွေမှာ သေကြေမှုတွေ ပိုမို များပြားလာခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းက လူမျိုးစုတွေရဲ့ဒေသဟာ တာလီဘန်တွေနဲ့ တိုက်ပွဲတွေဖြစ်ရာ အခြေခံနယ်မြေအဖြစ် ရောက်ရှိခဲ့တာ ဆယ်စုနှစ် တစ်စုကျော်ခဲ့ပြီ ဖြစ်ပါတယ်။

မကြာသေးခင် အချိန်အတွင်းမှာ တာလီဘန် စစ်သွေးကြွတွေဟာ ပါကစ္စတန်က မြို့ကြီးတွေအထိ ဝင်ရောက်လာခဲ့ကြပြီး ကရာချိမြို့တော်ဟာ သူတို့ရဲ့ ဆုံချက်မြို့တစ်မြို့အဖြစ် ရောက်ရှိခဲ့ပါတယ်။

Image caption တာလီဘန် စီးနင်းဖမ်းဆီးတဲ့အဖွဲ့မှာ Mobeen Azhar ပူးပေါင်းပါဝင်ခဲ့။

တာလီဘန် ထောက်လှမ်း ရှာဖွေ ဖမ်းဆီးသူတွေလို့ လူသိများတဲ့ ကရာချိ ရဲတပ်ဖွဲ့က အထူးတပ်ဖွဲ့ငယ်တစ်ခုရဲ့ ရှေ့တန်းမှာ သီတင်းသုံးပတ်လောက် သူတို့နဲ့အတူ ပူးတွဲပြီး ကျနော် ပါဝင်ခဲ့ပါတယ်။

တနေ့ နေ့လည် တစ်နာရီလောက်မှာတော့ ကရာချိက အထက်တန်း ရဲအရာရှိဖြစ်သူ အိုင်ဂျက်ဇ်က သူ့အဖွဲ့တွေ ဒီနေ့ည တာလီဘန်တွေကို သွားရောက် စီးနင်းဖို့ရှိတယ်ဆိုပြီး ကျနော့်ကို အကြောင်းကြားလာပါတယ်။ ကျနော့်အတွက် ကျည်ကာအင်္ကျီ ရှိတယ်လို့လည်း ဆိုပါတယ်။ ကျနော် အိုင်ဂျက်ဇ်ကို အကဲခတ်နေတာ သီတင်းနှစ်ပတ်ရှိပါပြီ။ အသက်သုံးဆယ်တွင်းသာ ရှိသေးပေမယ့် သူမျက်တွင်းတွေကျနေတာကို ကြည့်ရင် သူ့အလုပ်က မလွယ်ဘူးဆိုတာ သိနိုင်ပါတယ်။

နေ့လည် နှစ်နာရီလောက်မှာတော့ ရဲယာဉ်တန်းတွေ ကျနော့်ဟိုတယ်ရှေ့ရောက်လာပြီး အိုင်ဂျက်ဇ်ရှိရာ ကရာချိ ရဲစခန်းဝင်းအတွင်း ကျနော်ကို ခေါ်သွားပါတယ်။ အဲဒီမှာ စီးနင်းမှုအကြိုအဖြစ် အိုင်ဂျက်ဇ်က ရှင်းလင်းပြတာကို ကျနော် အချိန်မီ နားထောင်လိုက်နိုင်ပါတယ်။

သံသယရှိသူတွေကို အရှင်ဖမ်းဆီးချင်ပါတယ်၊ ကျနော့်ဆီက ဒါမှမဟုတ် တခြားအရာရှိတွေဆီက အရေးပေါ် ပြစ်မိန့်ရမှ သေနတ်တွေ သုံးစေချင်ပါတယ်လို့ အိုင်ဂျက်ဇ်က သူ့တပ်သား၂၄ ဦးကို ပြောပါတယ်။

Image caption Mobeen Azhar နဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ရဲအရာရှိ အိုင်ဂျက်ဇ်။

ဒီနေ့ညဟာ ရဲတွေရဲ့ သီတင်းလေးပတ်ကြာ စောင့်ကြပ်ကြည့်ရှုမှု အဆုံးသတ်မယ့်နေ့ ဖြစ်ပါတယ်။ တာလီဘန်တွေလို့ သံသယရှိသူတွေ ခိုအောင်းနေတဲ့ လျှို့ဝှက်နေရာကို အဓိကသွားရောက်မှာ ဖြစ်ပါတယ်။ ရဲတွေက သူတို့ရဲ့ ဖုန်းဆက်သွယ်မှုတွေကို ခြေရာခံခဲ့ပြီးတဲ့နောက် ဒီအုပ်စုဟာ ပြန်ပေးဆွဲဖို့ စီစဉ်နေတယ်ဆိုပြီး ထောက်လှမ်းရေးက အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာလေဆိပ် အပါအဝင် လူဦးရေ ၂၄ သန်းရှိတဲ့ ပါကစ္စတန်ရဲ့မြို့တော် ကရာချိဟာ တာလီဘန်တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိခဲ့တာ နှစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ကရာချိမြို့ဟာ တာလီဖန်တွေရဲ့ စီးပွားရေးအတွက် ငွေအမြောက်အမြားရရှိရာ နေရာဒေသတစ်ခုဖြစ်လာပြီး တာလီဘန်တွေဟာ ကရာချိ ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်သွယ်ပြီး ငွေကြေးအရ ခေါင်းပုံဖြတ်ကာ အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

သူတို့တွေဟာ ပြန်ပေးဆွဲ၊ ခြိမ်းခြောက်၊ ငွေညှစ်တာမျိုးကအစ သတ်ဖြတ်၊ ဗုံးခွဲတာအဆုံး အကြမ်းဖက်လုပ်ရပ်မှန်သမျှ လုပ်ပြီး ငွေရှာနေကြတာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကဆို ကရာချီမြို့မှာ ပြန်ပေးဆွဲမှုပေါင်း ၁၃၂ မှုရှိပြီး အမှုအများစုဟာ တာလီဘန်နဲ့ သူ့အဖွဲ့ဝင်တွေရဲ့ လက်ချက်ဆိုပြီး အစီရင်ခံစာတွေက ဆိုပါတယ်။

ကျနော်တို့ရဲ့ ရဲကား ၅ စီးပါ ယာဉ်တန်းဟာလည်း ရဲတပ်ဖွဲ့ဝင်းထဲက ထွက်ခွာခဲ့ပြီး ကရာချိမြို့မြောက်ဘက်စွန်းရှိ Ittehad မြို့ ရှိရာကို ဦးတည် သွားရောက်ခဲ့ကြပါတယ်။ အဲဒီမြို့ငယ်လေးမှာ အများအားဖြင့် တရားမဝင် အဆောက်အဦးတွေသာရှိပြီး ဆင်းရဲသားတွေ နေထိုင်ရာ ရပ်ကွက်တွေမို့ ကရာချိမြို့သားတွေအတွက်တော့ ကန့်သတ်နယ်မြေသဖွယ် ဖြစ်နေပါတယ်။

အပြန်အလှန် ပစ်ခတ်ပွဲ

ရဲအရာရှိတွေ အနေနဲ့ ဒီလိုဒေသကို နောက်ခံအကာကွယ်မရှိဘဲ လာလေ့မရှိကြပါဘူး။ ကျနော်တို့ကတော့ တတ်နိုင်သလောက် မြို့တွင်းရောက်အောင် ရဲကားတွေနဲ့ ဝင်ရောက်ခဲ့ကြပြီး သွားရောက်စီးနင်းမယ့်သူတွေ ပုန်းအောင်းနေတဲ့ နေအိမ်တည်ရှိရာ လမ်းကျဉ်းလေးကိုတော့ ခြေလျင်လျှောက်ဝင်ခဲ့ကြပါတယ်။

ကရာချိမြို့တော်ရဲ့ မီးအလင်းရောင်တွေက ကျနော်တို့နောက် မိုင်ပေါင်းများစွာမှာ ကျန်ခဲ့ပြီး ကျနော်တို့ရဲ့ ခြေသံတွေ၊ အချင်းချင်း တီးတိုးပြောဆိုသံတွေနဲ့ တခါတခါ အဝေးက ခွေးဟောင်သံလောက်သာ ကြားနေရပါတယ်။

သတင်းရထားသူတွေ ပုန်းအောင်းနေတဲ့နေရာကို ရောက်ပြီး ရဲတွေက ပတ်ပတ်လည် ဝိုင်းထားအပြီးမှာတော့ အိုင်ဂျက်ဇ်က အချက်ပေးလိုက်ပါတယ်။ ရဲအဖွဲ့က တံခါးကိုဖွင့် မဝင်နိုင်ခင်မှာပဲ အဆောက်အဦးအတွင်းက သေနတ်ပစ်ခတ်သံတွေ ထွက်ပေါ်လာပါတယ်။

အားလုံးကို ဝိုင်းထားပြီးပြီ၊ ခင်ဗျားတို့ အပြင်ကို ထွက်လာပါ၊ ဒါမှမဟုတ်ရင် ကျနော်တို့ ပြန်ပစ်ခတ်ရလိမ့်မယ်လို့ ရဲတွေက ပြောပါတယ်။

ရဲတွေနဲ့ အဆောက်အဦးအတွင်းကလူတွေ တဘက်နဲ့တဘက် ကျနော့်မျက်စိရှေ့မှာ အပြန်အလှန် ပစ်ခတ်နေကြပြီး ခဏလောက် အခြေအနေတင်းမာပြီးတဲ့နောက်မှာ အိမ်ထဲက လူနှစ်ယောက် ထွက်လာပြီး လက်နက်ချပါတယ်။ သူတို့ရဲ့ လက်နက်တွေကို သိမ်းဆည်းလိုက်ပြီး သူတို့ကို ဖမ်းဆီးလိုက်ပါတယ်။

ရဲအရာရှိ အိုင်ဂျက်ဇ်က ဒီနေရာဟာ အဝင်လွယ်ပေမယ့် အထွက်ခက်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားတဲ့နေရာကနေ ထွက်ခွာပြီး ကားတွေရှိရာကို ပြန်လာခဲ့ကြပါတယ်။ ခွေးဟောင်သံတွေက ကျယ်လောင်လာပြီး သံချောင်းချင်း ရိုက်ခတ်တဲ့ ပဲ့တင်သံတွေ လေထဲမှာ ပျံ့လွင့်နေပါတယ်။

Image caption Mobeen Azhar ၊ ရဲအရာရှိ အိုင်ဂျက်ဇ်နဲ့ တာလီဘန်အဖွဲ့ဝင်တစ်ဦး။

ဒါဟာ တာလီဘန်တွေက ဒီနေရာမှာ ရဲတွေရောက်နေတယ် ဆိုတာကို သူတို့အဖွဲ့ဝင်တွေ သိအောင် အသံနဲ့အချက်ပေးတာ ဖြစ်တယ်။ လက်နက်ကိုင်ဖို့ အချက်ပေးတာပါ။ ဒီလို အချက်ပေးတာကြောင့် ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဘက်တွေ ဆုံးရှုံးခဲ့ရတယ်လို့ အိုင်ဂျက်ဇ်က ပြောပြပါတယ်။

ဒါပေမယ့် ကျနော်တို့ဟာ လက်ထိတ်ခတ် ဖမ်းဆီးထားသူတွေနဲ့အတူ ကားတွေဆီ အပြေးပြန်လာကာ ရဲစခန်းဝင်းရှိရာကို ပြန်လာခဲ့ကြပါတယ်။

ဒီလို ဖမ်းဆီးမှုမတိုင်ခင် ရက်အနည်းငယ်လောက်တုန်းက တာဝန်လွှဲချိန်အပြီး ရဲစခန်းရဲ့အပြင်ဘက်မှာ တာလီဘန်တစ်ယောက်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ရဲမှူးဖြစ်သူ မိုဟာမက် အိုက်ဘယ်လ်ရဲ့ ဈာပနကို ကျနော် တက်ရောက်ခဲ့ပါသေးတယ်။ သူဟာ တစ်နှစ်အတွင်း ၁၆၄ ယောက်မြောက် သေဆုံးခဲ့ရတဲ့ ရဲအရာရှိ တစ်ဦးဖြစ်ပါတယ်။ အခုလို တာလီဘန် နှိမ်နင်းရေးမှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ စနစ်တကျ လေ့ကျင့် သင်ကြားခံရသူတွေ မဟုတ်ကြပါဘူး။ တချိန်မှာ သူတို့ဟာ ကျည်ကာအင်္ကျီနဲ့ သံချပ်ကာကားတွေ ရရှိဖို့တောင် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။

အစုအပြုံလိုက် သတ်ဖြတ်ခြင်း

ကျနော်တို့မှာ ဝန်နဲ့ လူအင်အား မမျှပါဘူး။ ပါကစ္စတန်မြောက်ပိုင်းမှာ တာလီဘန်တွေကို စီးနင်းဖို့ လွယ်ကူခဲ့တာဟာ ပစ်မှတ်ကို ကြိုသိနေရလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကရာချိမြို့မှာတော့ ကိုယ့်ရန်သူ ဘယ်သူဆိုတာ မသိနိုင်လို့ အတော်ခက်ပါတယ်။ သူတို့က ဆင်းရဲသား ရပ်ကွက်တွေမှာ ပုန်းအောင်းနေကြတာမို့ ကျနော်တို့ဟာ တကယ့်စစ်ပွဲအတွင်း ရောက်နေကြတာပါလို့ ရဲအရာရှိ အိုင်ဂျက်ဇ်က ပြောပါတယ်။

Image caption ပါကစ္စတန်စစ်တပ်က ဝါဇီရစ္စတန်မှာ တာလီဘန်စစ်ဆင်ရေးတွေ ဦးဆောင်ပြုလုပ်ခဲ့။

သူ့ရဲတပ်ဖွဲ့အနေနဲ့ စာရွက်ပေါ်မှာ တိုးတက်မှုတွေရှိအောင် လုပ်နိုင်ခဲ့ပါတယ်။ တာဝန်ကျချိန်မှာ သေဆုံးခဲ့တဲ့ရဲအရာရှိ အရေအတွက်ဟာ ၂၀၁၄ ခုနှစ်မှာ ၁၅၆ ယောက်ရှိခဲ့ရာက ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ၇၉ ယောက်အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ပါကစ္စတန်နိုင်ငံရဲ့ ဝါဇီရစ္စတန်ဒေသမှာ အစိုးရရဲ့ တာလီဘန်တွေအပေါ် စစ်ဆင်တိုက်ခိုက်ခဲ့မှုဟာ ကြီးမားတဲ့အောင်မြင်မှု တရပ်ဖြစ်ပြီး နောက်ဆုံးမှာ တာလီဘန်တွေ ဆုတ်ခွာခဲ့ရတယ်လို့ အိုင်ဂျက်ဇ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ နွေရာသီတုန်းက ပြုလုပ်ခဲ့တဲ့ တာလီဘန် စစ်ဆင်ရေးဟာလည်း အောင်မြင်မှုရှိတယ်ဆိုပြီး ပါကစ္စတန် အာဏာပိုင်တွေက ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ကတော့ ဒီစစ်ဆင်ရေးဟာ စစ်သွေးကြွတွေကို သူတို့ရဲ့ အမာခံစခန်းဖြစ်တဲ့ ဝါဇီရစ္စတန် ဒေသကနေ ပါကစ္စတန်ရဲ့ မြို့တွင်းဘက်ဆီကို ပိုရောက်လာစေမလား ဆိုပြီး စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ မနှစ်က နှစ်ကုန်ပိုင်းမှာတော့ ပါကစ္စတန် ပက်ရှဝါမြို့ရှိ စစ်တပ်ဖွင့်ထားတဲ့ စာသင်ကျောင်းကို တာလီဘန်တွေက ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တဲ့အတွက် ကလေး ၁၃၃ ယောက်အပါအဝင် လူပေါင်း ၁၅၂ ယောက် သေဆုံးခဲ့ပါတယ်။ သူတို့က ဒီတိုက်ခိုက်မှုဟာ အစိုးရရဲ့စစ်ဆင်ရေးကို လက်တုန့်ပြန်တာလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီလို အစုအပြုံလိုက်သတ်ဖြတ်မှုကြောင့် ပါကစ္စတန်မှာ မကြုံစဖူးအောင် ပြည်သူတွေ ယမ်းပုံမီးကျ ဒေါသထွက်ခဲ့ကြပြီး တနိုင်ငံလုံးရှိ မြို့အသီးသီးမှာ ငြိမ်းချမ်းရေးအတွက် လူထုစည်းရုံးပွဲတွေ လုပ်ခဲ့ကြပါတယ်။

ပါကစ္စတန်အစိုးရအနေနဲ့ သေဒဏ်အပြစ်ပေးမှု ဆိုင်းငံ့ထားတာကိုလည်း ရုပ်သိမ်းပေးခဲ့ရပါတယ်။ ပြစ်ဒဏ်ပေးမှုတွေ အဆမတန် နည်းပါးနေတာကို အစိုးရက ဘာမှ မလုပ်နိုင်တာကိုလည်း လူ့အခွင့်အရေးအဖွဲ့တွေက မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

အခုအချိန်က ပါကစ္စတန်မှာ ပြင်းထန်တဲ့ အစွန်းရောက်ဝါဒကို ကိုင်တွယ်ဖို့အတွက် အကြီးမားဆုံး အခက်အခဲဖြစ်နေတယ်လို့ မစ္စတာ အိုင်ဂျက်ဇ်က ဆိုပါတယ်။ တာလီဘန် စစ်သွေးကြွတွေကို ဆန့်ကျင်ပြီး တရားရုံးမှာ သက်သေထွက်ဆိုဖို့ အန္တရာယ်များတာကြောင့် လူတွေက ဘာမှ ပြောချင်စိတ် မရှိကြတော့ဘူး။ တရားရုံးတွေမှာ အမှုတစ်မှု ပြီးဆုံးဖို့ ဆယ်နှစ်လောက်အထိ ကြာနိုင်တယ်။ တရားစီရင်မှု နှောင့်နှေးနေတာကြောင့် တရားစစ်ဆေးမှုတွေကိုလည်း ပျက်ပြယ်သွားစေနိုင်ပါတယ်။ တရားရေးစနစ် အပြောင်းအလဲမရှိဘဲ တာလီဘန်တွေနဲ့ ရင်ဆိုင်တဲ့အခါ အနိုင်ရဖို့ မလွယ်ပါဘူးလို့ အိုင်ဂျက်ဇ်က ပြောပါတယ်။

ပါကစ္စတန်မြောက်ပိုင်းမြို့မှာ ညဘက်စီးနင်းဖမ်းဆီးခဲ့သူ နှစ်ဦးဟာ ပြန်ပေးဆွဲဖို့ ပူးပေါင်းကြံစည်မှု၊ နိုင်ငံအတွင်းအကြမ်းဖက်မှု လုပ်ရပ်တွေနဲ့ စွဲချက်တင်ခံထားရပြီး သူတို့ဟာ တရားရုံးမှာ အမှုရင်ဆိုင်ဖို့ စောင့်ဆိုင်းနေကြပါတယ်။

ကရာချိမြို့မှ ဘီဘီစီ သတင်းထောက် Mobeen Azhar ရေးသားတဲ့ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြထားခြင်း ဖြစ်ပါတယ်။