ခရစ်စမတ် ငြိမ်းချမ်းရေး သတင်းစကား

  • 25 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption တရားမျှတမှု မျိုးစေ့ကို ပျိုးကြဲပေးဖို့လို

ခရစ္စမတ်နေ့မှာ ရောမမြို့က စိန့်ပီတာ ဘုရားရှိခိုးခန်းမကြီး အတွင်းမှာ သောင်းနဲ့ချီတဲ့ ဝတ်ပြုဆုတောင်းသူတွေတက်ရောက်ပူဇော်နေကြပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က လူသားတွေအနေနဲ့ လူ့ဘဝရဲ့ အရေးကြီး ဆုံး တန်ဖိုးတွေ ရှိရာ ပြန်လာကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

ကုန်ရောင်းကုန်ဝယ်ဝါဒ အပျော်အပါးအဓိက ဝါဒတွေနဲ့ ယစ်မူးနေတဲ့ လောကကြီးထဲမှာ ဥစ္စာဓနမက်မောမှု အသုံးအဖြုန်းကြီးမှုတွေဘက်ကို လူတွေဟာ ယိမ်းယိုင်တိမ်းညွှတ်လာတယ်။

အပြစ်သား တွေအပေါ်မှာ အကြင်နာ ကင်းမဲ့ရက်စက်မှုတွေ ဖြစ်ပွား လာတယ် ဒါ့ကြောင့် ကျနော်တို့ဟာ ဘုရားရှင်ရဲ့ အလိုတော်ကျ အတိုင်း နေပါပြီလို့ ပုပ်ရဟန်း မင်းကြီးက ပြောကြားခဲ့ပါတယ်။

ဗြိတိန်က ကန်တာဘာရီ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဂျပ်စတင် ဝယ်လ်ဘီ ကတော့ ခရစ်ယာန်ဘာသာဟာ အစပျိုးပေါ်ပေါက်ရာ ဒေသဖြစ်တဲ့ အရှေ့ အလယ်ပိုင်း မှာ ဘာသာတရား မျိုးတုံးတော့မယ့် အန္တရာယ်ကို ကြုံတွေ့ ရင်ဆိုင်နေရပြီဖြစ်ကြောင်း သတိပေး ပြောဆိုခဲ့ပါတယ်။

အိုင်အက်စ် အစ္စလာမ်နိုင်ငံဟာ အကြောက်တရား၊ အမုန်းတရား၊ အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေတိုးပွားအောင် မီးမွှေးနေတယ်လို့ပြောပါတယ်။

သူက အိုင်အက်စ်အဖွဲ့ကို ဒီနေ့ခေတ်ရဲ့ ဟဲရော့ဒ် ဘုရင်လို့လည်း နှိုင်းယှဉ်ပြောဆိုပါတယ်။ ဟဲရော့ဒ် ဘုရင်ဟာ သမ္မာကျမ်းစာပါ ဘုရင်တပါးဖြစ်ပြီး အပြစ်မဲ့သူ အများအပြားကို သတ်ဖြတ်ခဲ့သူ ဖြစ်ပါတယ်။ ဝက်စ်မင်စတာ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဗင်းဆင့်နီကိုးလ်ကတော့ အပြစ် မဲ့လူတွေ အပေါ်မှာ အကြမ်းဖက်တာအားလုံးကို ကန့်ကွက်တယ်လို့ ဆိုပါတယ်။

အိမ်ကနေ မောင်းထုတ်ခံထားကြရတဲ့ ခရစ်ယာန်တွေ၊ မိသားစုတွေ အသတ်ဖြတ်ခံရသူတွေ၊ မိမိဆွေမျိုးတွေ ဒုက္ခရောက်နေကြသူတွေဟာ ဒီခရစ္စမတ်ကာလမှာ သူတို့ခံစားကြရတဲ့ ဝေဒနာတွေကို ကမ္ဘာတလွှားက ခရစ်ယာန်တွေက ဆုတောင်းပေးကြတဲ့အတွက် စိတ်သက်သာရာရကြမယ်လို့ မျှော်လင့်ပါတယ်လို့ ဆိုပါတယ်။

ဒီနေ့ ခရစ္စမတ်နေ့ဟာ ယေရှု ခရစ်ဖွားမြင်တဲ့နေ့ဖြစ်တဲ့အတွက် ကမ္ဘာတလွှားက ခရစ်ယာန်ဘာသာဝင်တွေဟာ ဝတ်ပြုဆုတောင်းပွဲတွေ ပြုလုပ်ကျင်းပနေကြတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ