IS ခြေကုပ်မြို့ အနီးထိ အမေရိကန်က ထောက်ပံ့တဲ့ ဆီးရီးယား လက်နက်ကိုင်တွေ ရောက်လာပြီ

  • 26 ဒီဇင်ဘာ 2015
syria_russia_strike_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား သူပုန် အုပ်စု တွေထဲက ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဇာရန်း အလုရှ် လေကြောင်း တိုက်ခိုက်မှု တစ်ခု အတွင်း သေဆုံးခဲ့။

ဆီးရီးယား နိုင်ငံထဲမှာ ယူဖရေးတီးစ် မြစ်ပေါ် က မဟာဗျုဟာ မြောက် အချက်အခြာ ကျရာ ဆည်တမံ တစ်ခုကို အမေရိကန် က ကျောထောက် နောက်ခံ ပြုထားတဲ့ ကာ့ဒ်နဲ့ အာရပ် မျိုးနွယ်စု တွေရဲ့ မဟာမိတ် တပ်ပေါင်းစု က သိမ်းပိုက် လိုက် နိုင်တဲ့ အတွက် အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ မှီခိုရာ ထောက်ပံ့ရေး လမ်းကြောင်း ကို ဖြတ်တောက် နိုင် ခဲ့ပါတယ်။

ဆီးရီးယား ဒီမိုကရက်တစ် အဖွဲ့ SDF ဟာ အမေရိကန် ရဲ့ လေကြောင်း ပစ်ကူတွေ နဲ့ ကိုဘာနီ မြို့ကနေ တောင်ဘက်ကို ရှေ့တိုး ချီတက် နိုင်ခဲ့တာမှာ အခုလို ကိုဘာနီ ကနေ မိုင် ၆၀ ကျော် အကွာ မှာ ရှိတဲ့ တစ်ရှ်ရီးန် ဆိုတဲ့ ဆည် ကို IS တွေ လက်ထဲ ကနေ ရရှိ ခဲ့တာ ဖြစ်တယ် ဆိုပြီး SDF အဖွဲ့ရ ပြောခွင့်ရ ဗိုလ်မှုးကြီး တာလားလ် ဆီလို က ပြောပါတယ်။

အဲဒီ့ တစ်ရှ်ရီးန် ဆည် ဟာ IS တွေရဲ့ ခြေကုပ်မြို့ ရက္ကာ ကနေ ဆိုရင် ယူဖရေးတီးစ် မြစ်ညာပိုင်း ၁၃မိုင်ခွဲ လောက်ပဲ ဝေးပါတော့တယ်။

တခါ၊ ဒမတ်စ်ကပ်စ် မြို့တော် တောင်ပိုင်း မှာ ရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည်စခန်း ယာမွတ်ခ် ကနေ ဆီးရီးယား သူပုန် တွေ ကို စနေ နေ့က ခေါ်ထုတ် သွားဖို့ ကုလသမဂ္ဂ အစီအစဉ် ဟာ ဖြစ်မြောက် မလာပဲ ဆိုင်းငံ့ နေပါတယ်။

ဘာ့ကြောင့် အခုလို ကြန့်ကြာ နေရတာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မရှိလှပေမယ့် ဒီ အစီအစဉ် အတွက် လိုအပ်တဲ့ ထောက်ပံ့ရေး တွေ မပြည့်စုံ တဲ့ အတွက်ကြောင့် လို့ ဆီးရီးယား လူ့ အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် ဆီးရီးယား သူပုန် အုပ်စု တွေထဲက ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဇာရန်း အလုရှ် ၊ လေကြောင်း တိုက်ခိုက်မှု တစ်ခု အတွင်း သေဆုံးခဲ့ရပြီး နောက်တစ်ရက် မှာ အခုလို အစီအစဉ် ဆိုင်းငံ့ သွားတာ လည်း ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ၊ ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ရဲ့ အထူး သံတမန် စတယ်ဖန် ဒါ မစ္စတူရာ က တော့ သမ္မတ ဘရှား အယ်လ် အာဆတ် ရဲ့ ကိုယ်စားလှယ် တွေ နဲ့ အတိုက်အခံ သူပုန် အဖွဲ့တွေ အကြား ငြိမ်းချမ်းရေး စကား ပြောဆိုပွဲကို လာမယ့် နှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ စတင်နိုင်ဖို့ သူ့အနေနဲ့ မျှော်လင့်တယ် လို့ ဆိုပါတယ်။

အဲဒီ့ ညှိနှိုင်း ဆွေးနွေးပွဲ ကို ဂျနီဗာ မြို့ မှာ ကျင်းပ ဖို့ စီစဉ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ