မိုင်းတွင်းပိုင်ရှင် ကိုယ့်ကိုကိုယ် သတ်သေ

  • 27 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် Xinhua
Image caption ၂၀၁၄ မှာ မိုင်းလုပ်သား ၉၃၁ ယောက် သေဆုံး ခဲ့

တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ သတ္တုမိုင်းတွင်းတတွင်း ပြိုကျတာနောက်ပိုင်း အဲဒီ မိုင်းတွင်းကုမ္ပဏီ ပိုင်ရှင်လည်း ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့သလို၊ ပိတ်မိနေ တဲ့ မိုင်းအလုပ်သမား တွေ ကိုလည်း ကယ်ဆယ်ဖို့ ကြိုးစားနေကြဆဲပါ။

တရုတ်နိုင်ငံအရှေ့ပိုင်း က ရှန်ဒေါင်ပြည်နယ် က အဲဒီ ဂျစ်ဆမ် သတ္တုမိုင်း ပြိုကျပြီး ၂ရက် အကြာဖြစ်တဲ့ ဒီနေ့ တနင်္ဂနွေနေ့ မနက်ပိုင်း လောက်မှာ အခုမိုင်းတွင်း ပိုင်ရှင် ယုရွန် ကုမ္ပဏီရဲ့ ဥက္ကဌ မစ္စတာ မ ကွန်ဘို ဟာ အဲဒီပြိုကျနေတဲ့မိုင်းတွင်းထဲ ကို ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားတာပါ။

သူဘာကြောင့် အခုလိုအဆုံးစီရင် တယ်ဆိုတာ ကို အတိအကျ မသိနိုင်ပေမယ့် ဘေဂျင်းမှာရှိတဲ့ ဘီဘီစီ သတင်းထောက် ကတော့ တရုတ် အာဏာပိုင်တွေ အနေနဲ့ သတ္တုမိုင်း တွေ လျှစ်လျူရှုတာတွေ ကြောင့်ပြိုကျ ရင် ပြင်းထန်တဲ့ ပစ်ဒဏ်တွေ ပေးလေ့ရှိတယ် လို့ သတင်းပို့ပါတယ်။

ဒီမိုင်းတွင်းပြိုကျ ပြီးတဲ့နောက် အရေးပေါ်အသက်ကယ်တဲ့အဖွဲ့တွေ ကြိုးပမ်းချက်နဲ့ မိုင်းလုပ်သားတချို့ ကို ကယ်တင်နိုင်ခဲ့ပြီး ပိတ်မိနေတဲ့ မိုင်းအလုပ်သမား ၁၇ ယောက် ကို ကယ်တင်နိုင်ဖို့လည်း သူတို့ ကြိုးစား နေကြပါတယ်။

အရေးပေါ်အသက်ကယ်တဲ့အဖွဲ့မှာ လူ ၇၀၀ လောက်ပါဝင်ခဲ့ကြပြီး တရုတ်မှာ အခုလို လုပ်ငန်းခွင်အတွင်း လုံခြုံစိတ်ချ မှု နည်းတဲ့အတွက် အထိအခိုက်များတဲ့ ဆုံးရှုံးတာတွေဖြစ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတင်တောင်ပိုင်း က ရှန်ဇန်း မြို့မှာ စက်မှုဇုံတွင်း မြေပြိုလို့ လူ ၇၀ ကျော်ပျောက်ဆုံး ခဲ့ရပြီး သူတို့ သေဆုံးသွားပြီလို့လည်း မှန်းဆ ကြပါတယ်။

တရုတ်ရဲ့ သတ္တုမိုင်းတွင်း လုပ်ငန်းခွင်အတွင်းဘေးကင်းလုံခြုံစိတ်ချရရေး က အမြဲမေးခွန်းထုတ်စရာ လို ဖြစ်နေပြီးတော့ ၂၀၀၂ တုန်း ကဆို အဲဒီ နှစ်တနှစ်ထဲအတွင်း မိုင်းလုပ်သား ပေါင်း ၇၀၀၀ လောက်သေခဲ့ဘူးပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း စည်းမျဉ်းတွေ တင်းကြပ် လာတဲ့နောက် သေဆုံးမှုတွေ လျော့ကျသွားတာတောင် မနှစ် ကဆိုရင် မိုင်းလုပ်သား ၉၃၁ ယောက် သေဆုံး ခဲ့တယ်လို့ တရုတ် ကဘီဘီစီ သတင်းထောက် တွေ က ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ