တက်လှမ်းရဦးမယ့် ရာမာဒီ မြို့သိမ်းတိုက်ပွဲ

  • 28 ဒီဇင်ဘာ 2015
ramadi_recapture
Image caption ရာမာဒီ မြို့ထဲ ဝင်လာတဲ့ အီရတ်တပ်ဖွဲ့

အီရတ် အစိုးရ တပ်ဖွဲ့တွေ ဟာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ဖွဲ့တွေ ရဲ့ လေကြောင်း စစ်ဆင်မှု တွေ နဲ့ အတူ ရာမာဒီ မြို့သိမ်းတိုက်ပွဲ ထိုးစစ် ဆင်ရာမှာ မြို့နေရာ အတော်များများ ကို သိမ်းပိုက် နိုင်ပြီ ဖြစ်လို့ အစိုးရ အဆောက်အဦး တွေ မှာ အိုင်အက်စ် အစ္စလမ်မစ် နိုင်ငံ တပ်ဖွဲ့ လွှင့်ထူ ခဲ့တဲ့ အလံတွေ ကို ဖြုတ်ချ ပြီး အီရတ် နိုင်ငံတော် အလံ ပြန်လည် လွှင့်ထူ နိုင်ခဲ့ပါပြီ။

အဲဒီအတွက် အီရတ် ဝန်ကြီးချုပ် ဟိုက်ဒါ အယ်လ် အဘာဒီ က ရှေ့နှစ်ဆန်း ထဲဝင်တာနဲ့ အိုင်အက်စ် တွေ ကို အီရတ်နိုင်ငံ ထဲကနေ အပြီးအပြတ် တိုက်ထုတ် နိုင်မယ့် အကြောင်း ပြည်သူ ကို ရုပ်သံ သတင်း ကနေ မိန့်ခွန်းပြောကြားလိုက်ပါတယ်။

၂၀၁၅ ခုနှစ် ကို လွတ်မြောက်ခြင်းနှစ် လို့ တင်စားရင် ၂၀၁၆ ခုနှစ်ကတော့ အိုင်အက်စ် တွေ အပေါ် ကြီးမားတဲ့ အောင်ပွဲ နဲ့ အတူ နောက်ဆုံးရတဲ့ အောင်ပွဲ နှစ် လို့ သတ်မှတ်နိုင်ပါပြီ။ ဒီအောင်ပွဲ ပြီးရင် မိုဆူးလ်မြို့ ကို သူတို့ လက်ထဲက ပြန်သိမ်းဦးမှာပါ။ ပြည်သူတွေ ရဲ့ ညီညွတ်မှု အင်အားကြောင့် အိုင်အက်စ် တွေ ကျဆုံးရမှာပါ လို့ ပြောသွားတာပါ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကလည်း အီရတ်စစ်တပ် ရဲ့ ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်နိုင်မှု ကို လက်တွေ့ မြင်တွေ့ ရပြီဖြစ်လို့ အားရ မိကြောင်း ချီးကျူး ဂုဏ်ပြု လိုက်ပါတယ်။

နောက်ဆုံးဝင်လာတဲ့ သတင်းတွေ အရ ရာမာဒီမြို့ တချို့နေရာ တွေ မှာတော့ ပစ်ခတ်မှု တွေ ရှိနေပေမဲ့ အီရတ်စစ်တပ်ရဲ့ တိုက်ခိုက်မှု အောင်ပွဲ ဟာ အရေးပါတဲ့ ရှေ့ပြေး ခြေလှမ်း ဖြစ်တဲ့ အကြောင်း ဒီဒေသ ကိုကျွမ်းဝင်တဲ့ အမေရိကန် အထူးတပ်ဖွဲ့ မှ အငြိမ်းစား စစ်ဘက်ဆိုင်ရာ အရာရှိ ဒေါက်တာ ကာလက်ဖ် ဆက်ပ် က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ က ဆိုရင် အီရတ်စစ်တပ် ဟာ ပျက်လုနီးပါး ဖြစ်သွားတာပါ။ သူတို့ဟာ အိုက်အက်စ်တပ်တွေ ရဲ့ ထိုးစစ် ကို လုံး၀ မခံနိုင်တော့ တဲ့ အတွက် ရာမာဒီ မြို့ ကို လက်လွှတ် လိုက်ရ ပါတယ်။ အခုတော သူတို့ ကို အမေရိကန် စစ်သင်တန်း နည်းပြဆရာ တွေ က ခေတ်မီ စစ်သင်တန်းတွေ ပြန်ပေး၊ နောက်ဆုံးပေါ် လက်နက်တွေ တပ်ဆင် ပေးတဲ့ အခါမှာ စိတ်အားပါ တက်ကြွလာကြပြီး ရန်သူ အိုက်အက်စ်တွေ ကို ပြန်လည်ခြေမှုန်းနိုင်တဲ့ အဆင့် ရောက်လာပြီ လို့ အငြိမ်းစား စစ်ဘက်ဆိုင်ရာ အရာရှိ ဒေါက်တာ ကာလက်ဖ် ဆက်ပ် က သုံးသပ်ပြပါတယ်။