လေကြောင်းစစ်ဆင်ရေးအရ IS ခေါင်းဆောင် ဆယ်ဦး ကျ

  • 29 ဒီဇင်ဘာ 2015
bbc_304x171
Image caption IS ခေါင်းဆောင်တစ်ဦး Charaffe al Mouadan

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် ရဲ့ ထုတ်ပြန်ချက် အရ ဆီးရီးယား နဲ့ အီရတ်မှာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ဖွဲ့တွေ ရဲ့ လေကြောင်း စစ်ဆင်မှု ကြောင့် အိုင်အက်စ် အစ်စ္စလာမ်မစ် နိုင်ငံ တပ်ဖွဲ့ ရဲ့ အရေးပါတဲ့ ထိပ်တန်း ခေါင်းဆောင် ဆယ်ဦး ကို ပြီးခဲ့တဲ့ လ အတွင်းမှာ ရှင်းလင်း သုတ်သင် ပစ်နိုင်တဲ့ အကြောင်း၊ အဆိုပါ ဆယ်ဦးထဲမှာ ပဲရစ် အကြမ်းဖက် တိုက်ခိုက်ခံရမှု နဲ့ ဆက်နွယ်မှု ရှိသူ တွေ ပါဝင်ကြောင်း ပြောပါတယ်။

သေဆုံးသွားကြသူ စါရင်း ကို မဟာမိတ် တပ်ဖွဲ့ ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စတိဗ်ဝါရင် က သတင်းထောက်တွေ ကို ပြောရာမှာ Charaffe al Mouadan ဆိုရင် ဆီးရီးယား အခြေစိုက် အိုင်အက်စ် အဖွဲ့ဝင်ဖြစ်ပြီး ပဲရစ် တိုက်ခိုက်မှု ရဲ့ ပင်မ ခေါင်းဆောင် Abdelhamid Abaaoud နဲ့ တိုက်ရိုက် ဆက်သွယ်သူ ဖြစ်ပါတယ်။ သူ့ကို ဒီဇင်ဘာ ၂၄ ရက်နေ့ က ဆီးရီးယား မှာ သုတ်သင်နိုင်ခဲ့ပါတယ်။ al Mouadan ဆိုရင် အနောက်နိုင်ငံ တွေ ဘက် မှာ အကြမ်းဖက် တိုက်ခိုက်မှု တွေ ပြုလုပ်ဖို့ စီစဉ် နေတဲ့ အကြောင်း တွေ ရှင်းပြ ခဲ့ ပါတယ်။

ဗိုလ်မှူးကြီး စတိဗ်ဝါရင် က ဆက်ပြောရာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ က ခေါင်းဆောင်တဦး ဖြစ်တဲ့ Abdul Kadir Hakeem ဟာ မိုဆူးလ် မြို့ မှာ လေကြောင်း စစ်ဆင်ရေး အတွင်း ဗုံးဒဏ် ထိမှန် သေဆုံးကြောင်း ပြောပါတယ်။ သူဟာ ဆိုရင် အတုအပ လုပ်တဲ့နေရာ မှာ ကျွမ်းကျင်သူ တဦး ဖြစ်ပါတယ်။ ယူကေမှာ ပညာဆည်းပူးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် လူမျိုး ကွန်ပြူတာ အင်္ဂျင်နီယာ Siful Haq Sujen ဆိုရင် အိုင်အက်စ် တွေ ကို ခေတ်မီ နည်းပညာတွေ နဲ့ အထောက်အကူ ပေးနိုင်သူ ဖြစ်ကြောင်း ရှင်းပြ ပါတယ်။

ဒါကြောင့်မို့ အရေးပါတဲ့ ခေါင်းဆောင်ပိုင်း ကို ဖြိုခွင်း ရှင်လင်း နိုင်ပြီ ဖြစ်လို့ အိုင်အက်စ် ဟာ ခေါင်းထောင်ဖို့ မလွယ်တော့ဘူး လို့ ဆိုနိုင်တဲ့ အကြောင်း ဗိုလ်မှူးကြီး စတိဗ်ဝါရင် ပြောတာ ကို ဝါရှင်တန် မှ ဘီဘီစီ သတင်းထောက် က သတင်းပို့လိုက် ပါတယ်။