ရခိုင် တပ်မတော်နဲ့ အစိုးရ တပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်

  • 30 ဒီဇင်ဘာ 2015
Image caption အစိုးရ စစ်တပ်နဲ့ ရခိုင် တပ်မတော် AA တို့ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေ

ရခိုင်ပြည်နယ် အတွင်းမှာ အစိုးရ စစ်တပ်နဲ့ ရခိုင် တပ်မတော် AA တို့ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လက်နက်ကြီးတွေပါ အသုံးပြုနေသလို အသေအပျောက်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အခု ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် အရှေ့ဘက် ရမ်းချောင်း ဒေသ ပတ်ဝန်းကျင်တောင်တန်းတွေမှာ ဖြစ်ပါတယ်။

တိုက်ပွဲကတော့ ဒီလ ၂၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့မှာတော့ လက်နက်ကိုင်ကြီး ပေါက်ကွဲသံတွေကိုပါ ကြားလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို တိုက်ပွဲ ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ရခိုင် တပ်မတော်ဘက် ကို ဆက်သွယ် မေးကြည့်တော့ ရခိုင် တပ်မတော် ဒု စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က တိုက်ပွဲ အတွင်းမှာ ရခိုင် တပ်မတော်ဘက် က နှစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရ စစ်တပ် ဘက်က ကတော့ ၂၀ ထက်အများ ကျဆုံးတယ် ဆိုပေမယ့် ဒီသတင်းကို သီးခြား အတည်ပြုချက် တော့ ရယူနိုင်ခြင်းမရှိသေးပါဘူး။

ရခိုင်ပြည်နယ် အတွင်း မြန်မာတပ်မတော်နဲ့ ရခိုင် တပ်မတော်အကြား လွန်ခဲ့တဲ့ ဧပြီလအတွင်းက တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရပ်တန့်နေရာကနေ ဒီလ နောက်ဆုံး အပတ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

ရခိုင် တပ်မတော် ကို ၂၀၀၉ ခုနှစ်က ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ထိန်းချုပ်ရာနယ်မြေမှာ ထူထောင်ခဲ့ပြီး အခုအခါ ကချင်ကတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းပိုင်းထိ ထိုးဖေါက် လှုပ်ရှားလာခဲ့တာ ဖြစ်ပါတယ်။

ရခိုင် တပ်မတော်ဟာ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေထဲမှာ မပါဝင်သေးသလို လာမယ့်လမှာ ပြုလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဖိတ်ကြားခြင်း မခံရဘဲ ဘေးဖယ်ခံထားရတယ်လို့ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ