ရန်ကုန် နှစ်သစ်ကူးကြိုည လုံခြုံရေး တင်းကြပ်

  • 30 ဒီဇင်ဘာ 2015
yangon_new_year
Image caption အင်းလျားကန်၊ ကန်တော်ကြီး နဲ့ သုဝဏ္ဏကွင်း အပါအဝင် လူတွေ စုဝေး ပျော်ရွှင်ကြမယ့် နေရာမျိုးတွေ ကို စာရင်း ကောက်ယူ ထားပြီး ရဲကားတွေ အသင့်ချ ထားမယ်။

နှစ်သစ်ကူး အကြိုည ပျော်ပွဲ ရွှင်ပွဲတွေ လုပ်ရာကနေ ခိုက်ရန် ဖြစ်ပွားတာတွေ၊ ယာဉ် မတော်တဆမှု ဖြစ်ရပ်တွေ ပါ တွဲပြီး ဖြစ်ပေါ်လေ့ ရှိခဲ့တဲ့ အရင့် အရင်နှစ် အတွေ့အကြုံတွေ ကို သုံးသပ်လို့ ၂၀၁၆ ခုနှစ် အကူး အကြိုည မှာ ရန်ကုန် မြို့တော် တခွင် လုံခြုံရေး အရ ပိုပြီး စနစ်တကျ ကိုင်တွယ် နိုင်ဖို့ ပြင်ဆင် နေတယ် ဆိုပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အင်းလျားကန်၊ ကန်တော်ကြီး နဲ့ သုဝဏ္ဏကွင်း အပါအဝင် လူတွေ စုဝေး ပျော်ရွှင်ကြမယ့် နေရာမျိုးတွေ ကို စာရင်း ကောက်ယူ ထားပြီး ရဲကားတွေ အသင့်ချ ထားမယ်လို့ ရန်ကုန် တိုင်း ဒုတိုင်း တပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ် က ဘီဘီစီ ကို ပြောပါတယ်။

နယ်မြေ အလိုက် ကား၊ ဆိုင်ကယ်၊ စက်ဘီးတွေ သုံးပြီး ရဲ လှည့်ကင်းတွေ ချ ထားမှာ ဖြစ်တယ်လို့လည်း ရဲမှူးကြီး ဝင်းဗိုလ် က ဆိုပါတယ်။

တရုတ်အစိုးရက ပေးထားတဲ့ လုံခြုံရေးရဲကား ၄၅စင်းကို ရန်ကုန်တိုင်း ထဲက မြို့နယ် ၄၅ မြို့နယ် မှာ တစ်စင်းဆီ လှည့်လည် မှာ ဖြစ်ပြီး တုတ် ဓား လက်နက် ကိုင်ဆောင်မှု ရှိမရှိ ကိုလည်း စစ်ဆေး ရှာဖွေဖို့ ရှိနေပါတယ်။

နှစ်သစ်ကူးည ဂီတပွဲတွေ၊ သန်းခေါင်းယံ ၁၂ နာရီ ထိုးကို ရေတွက်ကြတဲ့ countdown ပွဲ တွေ မှာ သောက်စား မူးယစ်တာ၊ ခိုက်ရန် ဖြစ်ပွားတာ အပြင် ယာဉ် မတော်တဆ ဖြစ်ရပ် တွေဟာ နှစ်တိုင်း ဖြစ်ပေါ်လေ့ ရှိ ပြီး တနိုင်ငံလုံး အတိုင်းအတာ အရလည်း ရန်ကုန်မှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ