ရှမ်းဒေသခံတွေကို KIA ဖမ်းသွားတယ်လို့ ရှမ်းအဖွဲ့ စွပ်စွဲ

  • 31 ဒီဇင်ဘာ 2015
shan_solidier
Image caption KIA တပ်ကနေ တစ်ရွာကို ၆ ယောက် စစ်သားသစ် အဖြစ်ပေးဖို့ ဆင့်ခေါ်စာ တွေ ထုတ်ထားတယ်လို့ မူဆယ် မြို့ အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း က ပြော။

ရှမ်းပြည်နယ် ကွတ်ခိုင်နဲ့ မူဆယ် မြို့နယ် ထဲ အမျိုးသမီးတွေ အပါအဝင် ဒေသခံ တွေကို အခု ရက်ပိုင်းကပဲ လက်နက်ကိုင် အဖွဲ့တစ်ခု က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တာ မှာ အဲဒီ့ လက်နက်ကိုင်တွေ ဟာ ကချင် တပ် KIA ဖြစ်တယ် လို့ ရှမ်း စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့က ပြောဆို နေကာ ပြန်လွှတ် ပေးဖို့လည်း တောင်းဆိုနေပါတယ်။

ဒါပေမယ့် KIA တပ်က ဗိုလ်မှူးကြီး ခွန်နောင် ကတော့ အဲဒီလို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တဲ့ အဖြစ်အပျက်ကို သူတို့ မသိရှိ ဘူး ဆိုပြီး ငြင်းဆို လိုက်သလို ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်ကွန်ရက် က ဦးဆန်းအောင် ကလည်း KIA ဖြစ်တယ် ဆိုတာ သူတို့ဘက်က အတည်မပြု နိုင်ဘူးလို့ ဘီဘီစီ ကို ပြောပါတယ်။

ဖမ်းဆီး ခေါ်ဆောင် သွားမှု မဖြစ်ခင် သီတင်းတစ်ပတ် အရင် လောက်မှာ KIA တပ်ကနေ တစ်ရွာကို ၆ ယောက် စစ်သားသစ် အဖြစ်ပေးဖို့ ဆင့်ခေါ်စာ တွေ ထုတ်ထားတယ်လို့ မူဆယ် မြို့ အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း က ပြောပါတယ်။

ဒေသတွင်း လှုပ်ရှားနေတဲ့ ပလောင်တပ် လိုမျိုး တခြား လက်နက်ကိုင် အဖွဲ့တွေ ရှိပေမယ့် ရှမ်းနှစ်သစ်ကူး ပွဲတော်ကို သွားတဲ့လမ်းမှာ အမျိုးသမီးတွေနဲ့ ရွာသားတွေကို ခေါ်ဆောင် သွားသူတွေ ဟာ KIA တွေ ဖြစ်တယ် လို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းမြတ်အောင် က ဘီဘီစီကို ပြောပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ဖမ်းသွားတဲ့ အထဲမှာ ရှမ်းအမျိုးသမီး (၃)ဦး နဲ့ (၁၄)နှစ် အရွယ် လူငယ်တစ်ဦး အပါအဝင် ရွာသား အနည်းဆုံး (၁၅)ယောက် ရဲ့ အမည် နေရပ်လိပ်စာ စာရင်းကို ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း အနေနဲ့ အတိအကျ ရထားပြီး နောက်ထပ် ရွာသား (၃၀) ကျော် နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မရသေးပေမယ့် ဒီလူတွေ အားလုံးကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆို နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ