မြူးနစ်မှာ နှစ်သစ်လုံခြုံရေး အခြေအနေတိုးမြှင့်ထား

  • 1 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ပြည်သူ တွေ အနေနဲ့ သတိရှိကြဖို့ ဂျာမန် တာဝန်ရှိသူ တွေက နှိုးဆော် ထား

နှစ်သစ်ကူး မတိုင်ခင်မှာ အသေခံ ဗုံးဖောက်ခွဲ ဖို့ သတင်းတွေ ရရှိခဲ့တာကြောင့် ရထား ဘူတာရုံ နှစ်ခုကို ပိတ်ပစ်ခဲ့တာဟာ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်ကြောင်း ဂျာမနီ တာဝန်ရှိသူတွေက ပြောကြား လိုက်ပါတယ်။

အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့က အကြမ်းဖက် သမားတွေက တိုက်ခိုက်မှုတွေ လုပ်မယ် ဆိုတဲ့ သတင်းကြောင့် မနေ့ည ဆယ့်နှစ် နာရီ မတိုင်ခင်မှာ အဆိုပါ ရထား ဘူတာရုံ ၂ ခုကို ပိတ်ပစ်ခဲ့ပြီး ခရီးသည်တွေကို ဘေးကင်းရာကို ပြောင်းရွှေ့ ပေးခဲ့ရပါတယ်။

မြူးနစ်မြို့က ပင်မ ရထား ဘူတာရုံနဲ့ နောက်ထပ် ဘူတာ တစ်ခုကို အသေခံ ဗုံးခွဲ တိုက်ခိုက်မယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်းကို မနေ့က ည ခုနှစ်နာရီ အချိန်လောက်မှာ လက်ခံ ရရှိခဲ့ ကြောင်း မြူးနစ် ရဲတပ်ဖွဲ့အကြီးအကဲ ဖြစ်သူက ပြောကြားခဲ့ ပါတယ်။

ပြင်သစ် ထောက်လှမ်းရေး ဌာန ကနေပြီး IS အဖွဲ့က လူ ၅ ယောက် ထက် မနည်း တဲ့ လူ တစ်စုဟာ ရထား ဘူတာရုံ ၂ ခုမှာ အသေခံ ဗုံးခွဲဖို့ စီစဉ် နေကြောင်း ဂျာမန် ရဲတပ်ဖွဲ့ ဆီကို သတင်းပေးပို့ ခဲ့တယ်လို့ မြူးနစ် ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့ပါတယ်။

လောလောဆယ်မှာ ဘူတာရုံ နှစ်ခု ကို ပြန်လည် ဖွင့်လှစ် ပေးခဲ့ပြီး အများ ပြည်သူ တွေ အနေနဲ့ သတိရှိကြဖို့ ဂျာမန် တာဝန်ရှိသူ တွေက နှိုးဆော် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ