ရှီးယား ခေါင်းဆောင်ကို ဆော်ဒီ ကွပ်မျက်

  • 2 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဘာသာရေး ခေါင်းဆောင် နဲ့ အတူ အခြား လူ ၄၆ ဦးကိုလည်း ကွပ်မျက် ခဲ့

ရှီးယား မွတ်စလင် ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ Nimr Al Nimr ကို ကွပ်မျက် ခဲ့ပြီး ဖြစ်ကြောင်း ဆော်ဒီအာရေးဘီးယား နိုင်ငံက ပြောကြား လိုက်ပါတယ်။

အကြမ်းဖက် သမား တွေကို အပြစ်ပေး အရေးယူတဲ့ အနေနဲ့ ဘာသာရေး ခေါင်းဆောင် နဲ့ အတူ အခြား လူ ၄၆ ဦးကိုလည်း ကွပ်မျက် ခဲ့ကြောင်း ဆော်ဒီ ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။

၂၀၁၂ ခုနှစ်က ရှီးယား မွတ်စလင် ခေါင်းဆောင် Nimr ဟာ ဆော်ဒီနိုင်ငံရဲ့ ဘုရင် စနစ်ကို ဝေဖန်ခဲ့ပြီး ရွေးကောက်ပွဲ လုပ်ဖို့ တောင်းဆို ခဲ့တဲ့ အတွက် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းဆီး ခဲ့မှုကြောင့် ဆော်ဒီ နိုင်ငံက လူနည်းစု ရှီးယား မွတ်စလင် တို့ အကြား ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး သူနဲ့ ဆက်နွယ် နေသူတွေက ဘာသာရေး ခေါင်းဆောင် Nimr ဟာ အကြမ်းဖက် ဝါဒ ကို ကျင့်သုံးတဲ့သူ မဟုတ်ကြောင်း ထောက်ခံ ပြောကြား ခဲ့ကြပါတယ်။

ရှီးယား မွတ်စလင် ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ အီရန် နိုင်ငံက ဆော်ဒီ နိုင်ငံ အနေနဲ့ ဘာသာရေး ခေါင်းဆောင်ကို ကွပ်မျက်ခဲ့ရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစား ရလိမ့်မယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ