သမ္မတအိုဘားမား မှ သေနတ်လက်နက်ထိန်းချုပ်ရေး

  • 5 ဇန်နဝါရီ 2016
_taft_shooting ဓာတ်ပုံ မူပိုင် Reuters
Image caption ကျောင်းဝင်း အတွင်း ပစ်ခတ်မှု စုံစမ်း

အမေရိကန်သမ္မတ အိုဘားမား က သေနတ် အရောင်းအဝယ် လုပ်ငန်းတွေ အပေါ် မှာ တင်းကျပ် မှုတွေ ပြုမဲ့ အကြောင်း အိမ်ဖြူတော် မှာ ဇန္နဝါရီလ ၅ ရက်နေ့ က ပြောကြား လိုက်ပါတယ်။ ပြီးခဲ့တဲ့ လ ပိုင်း၊ နှစ်ပိုင်းတွေ အတွင်း မှာ သေနတ်နဲ့ ပစ်ခတ်မှုတွေ ကြောင့် စာသင်ကျောင်း နဲ့ ကောလိပ်တွေ မှာ အစုလိုက် သေဆုံးရမှု ရှိသလို၊ သီးခြား ပစ်ခတ်မှု တွေ ရှိတာ ကို ရပ်တန်းက ရပ်ကြဖို့ သမ္မတ အိုဘားမား က ပြောတာပါ။ အမေရိကန် မှာ သေနတ်ပစ်ခတ် ခံရလို့ သေဆုံး သူပေါင်း များနေတာကို ထောက်ပြ သွားပါတယ်။

အမေရိကန် မှာ နှစ်တိုင်းလိုလို သေနတ် နဲ့ အပစ်ခံရ လို့ သေဆုံးသူပေါင်း ဟာ သုံးသောင်း ကျော်ပါတယ်။ အဲဒီအထဲမှာ ကိုယ့်ကို သေကြောင်း ကြံသူတွေ၊ အိမ်တွင်းပဋိပက္ခ မှ ပစ်သတ်မှု၊ ဂိုဏ်းတွေ ဖွဲ့ ပြီး အပြန်ပြန် အလှန်လှန် ပစ်သတ်ကြမှု၊ မတော်တဆ ပစ်ခတ်မှု စတာတွေ ပါဝင် ခဲ့လို့ မိသားစုဝင် တွေ ဆုံးရှုံး ရမှု တွေ ဖြစ်လာ ရတာပါ လို့ သမ္မတ အိုဘားမား က ပြောတာပါ။ ပြောတာပါ။

သမ္မတ အိုဘားမား ဟာ ဒီလို လက်လွတ်စပယ် ပစ်ခတ်မှု တွေ ကြောင့် သေဆုံး ရသူတွေ ရဲ့ ကျန်ရစ် သူ မိသားစု တွေ လည်း ခေါ်တွေ့ ယင်း ဝမ်းနည်း စကား ပြောခဲ့တာပါ။ ဒါကြောင့် မို့ သေနတ် ဝယ်လိုသူ လာရင် ဆိုင်ပိုင်ရှင် တွေ အနေနဲ့ သေသေ ချာချာ စစ်ဆေးဖို့၊ ဝယ်သူဟာ စိတ်ဝေဒနာ ရှင် ဟုတ်မဟုတ်၊ နောက်ကြောင်း အရ လည်း သေနတ် ပစ်ခတ်မှု နဲ့ ပတ်သက်တဲ့ အမှု ရှိမရှိ စတာတွေ ပါဝင် ပါတယ်။

သမ္မတ အနေနဲ့ တင်းကျပ်တဲ့ ဥပဒေ ထုတ်ပြန်ရေးမှာ ရီပတ်ဗလီကင် အမတ်တွေ စိုးမိုးတဲ့ ကွန်ဂရက် လွှတ်တော် မှာ ကန့်ကွက်မှု တွေ ရှိ နေပါတယ်။ ရီပတ်ဗလီကင် အမတ်တွေ ကိုလည်း သေနတ် လက်နက် ပိုင်ရှင်တွေ၊ သြဇာ ကြီးမားတဲ့ အမျိုးသား ရိုင်ဖယ် အဖွဲ့ ကလည်း ဖိအားပေးမှု တွေ ရှိနေပါတယ်။ သူတို့ ဘက် က အကြောင်းပြတာ ကတော့ သေနတ် လက်နက် ကိုင်ဆောင်မှု၊ ဝယ်ယူ လေ့ကျင့် စုဆောင်းမှု စတာတွေ ကို ပိတ်ပင် တင်းကျပ်ရုံ နဲ့ ဒီပစ်ခတ်မှု တွေ လျော့ပါး သွားနိုင်ပါ့မလား လို့ စောဒက တက်ကြတာပါ။