ပဲရစ် တိုက်ခိုက်သူ ပုန်းတဲ့အခန်း ဘရပ်ဆဲလ်မှာ တွေ့

  • 8 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption နိုဝင်ဘာ တိုက်ခိုက်မှု ဖြစ်ပြီးနောက် ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က ဘရပ်ဆဲလ်မြို့မှာ အကြိမ်များစွာ စီးနင်း ရှာဖွေခဲ့ကြ။

နိုဝင်ဘာ ၁၃ ရက် ပဲရစ် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ Salah Abdeslam ဆိုသူ ဘရပ်ဆဲလ် မြို့မှာ ရှောင်ပုန်းစဉ် တည်းခိုခဲ့တဲ့ တိုက်ခန်းကို ရှာတွေ့ခဲ့တယ်လို့ ယုံကြည်ကြောင်း ဘယ်လ်ဂျီယံ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လက ဝင်ရောက် ရှာဖွေခဲ့တဲ့ ဘရပ်ဆဲလ် မြို့က တိုက်ခန်းမှာ ဆာလာ အက်ဘ်ဒီဆလမ်ရဲ့ လက်ဗွေရာတွေနဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က တွေ့ခဲ့ကြ တာပါ။

အဲဒီ တိုက်ခန်းကို တခြား အမည် တစ်ခုနဲ့ ငှားရမ်းခဲ့တာ ဖြစ်ပြီး၊ အဲဒီ ငှားရမ်းခဲ့သူဟာလည်း ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုကို ခံထားရပြီး ဖြစ်နိုင်တယ်လို့ ဘယ်လ်ဂျီယံ ရှေ့နေတွေက ဆိုပါတယ်။

ဘရပ်ဆဲလ် မြို့မှာ မွေးတဲ့ ပြင်သစ် နိုင်ငံသား ဖြစ်သူ အက်ဘ်ဒီဆလမ်ဟာ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပြီး ရဲတွေက ဆက်လက် ရှာဖွေ နေဆဲ ဖြစ်ပါတယ်။

သူဟာ နိုဝင်ဘာ ပဲရစ် တိုက်ခိုက်မှုမှာ ပါဝင် ခဲ့ပြီးနောက် ဘယ်လ်ဂျီယံမှာ ရှိတဲ့ သူ့ သူငယ်ချင်းတွေက သူ့ကို ကားနဲ့ သွားခေါ်ခဲ့ပြီး ဘရပ်ဆဲလ်မြို့ကို ပို့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယူဆ ထားပါတယ်။

IS အဖွဲ့ဝင် အကြမ်းဖက် သမားတွေက နိုဝင်ဘာ ၁၃ ရက် ပဲရစ်မြို့ တိုက်ခိုက်မှုမှာ လူ ၁၃၀ ကို သတ်ဖြတ် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ