ဒိန်းမတ် ကိုဝင်လာတဲ့ ဒုက္ခသည်တွေ တင်းကျပ်

  • 13 ဇန်နဝါရီ 2016
_denmark_refugee
Image caption ဒိန်းမတ် ကို ဝင်လာတဲ့ ဒုက္ခသည်

ဒိန်းမတ် နိုင်ငံရဲ့ အာဏာရ အစိုးရ Venstre ပါတီ က ပါလီမန် အမတ်တွေ နဲ့ တခြား ပါတီ က ပါလီမန် အမတ်တွေ က နိုင်ငံတွင်း ခိုလှုံခွင့် တောင်းခံ ဖို့ ဝင်လာ တဲ့ ဒုက္ခသည် တွေ အနေနဲ့ သူတို့ ပါလာတဲ့ ငွေကြေး ဒေါ်လာ ၁၅၀၀ ထက် ပို ပါလာရင်၊ ဒါ့အပြင် အဖိုးတန် ရတနာတွေ ပါလာရင် လက်ထပ်လက်စွပ် က လွဲလို့ သိမ်းပိုက်မယ် ဆိုတဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ အရ တင်းကျပ် ဖို့ ပါလီမန် မှာ ပြီးခဲ့ တဲ့ ဇန်နဝါရီလ ၁၂ရက် အင်္ဂါနေ့ က အဆိုပြု အခြေအတင် ဆွေးနွေး ကြပါတယ်။

ဒီအဆိုပြုချက် ကို ဒီ လကုန်ကျရင် ဥပဒေကြမ်း အဖြစ် မဲခွဲ ဆုံးဖြတ်ကြမှာပါ။ ဝန်ကြီးချုပ် Lars Lokke Rasmussen ကတော့ ဒီ ဥပဒေသာ အတည်ဖြစ်သွားရင် ဒိန်းမတ် သမိုင်းမှာ အထင်လွဲစရာ အကောင်းဆုံး ဥပဒေ အဖြစ် တွင်ကျန် ရစ်မယ် လို့ ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး ရုံးမှ ပြောခွင့်ရ အရာရှိ William Splindler ကလည်း ဒီအဆို ကို ကန့်ကွက် ကြောင်း ပြောပါတယ်။ အစစ ဆုံးရှုံးခဲ့ ရတဲ့ ဒုက္ခသည်တွေ ဆီကနေ တစုံတဦး က ရယူချင်တယ် လို့ ပြောတာ များ ယုံဖို့ တောင် ခဲယဉ်းလှတဲ့ အကြောင်း၊ သူတို့ဟာ အိုးအိမ်၊ မိသားစု ပစ္စည်းဥစ္စာ တွေ ကို ဆုံးရှုံးခံပြီး ထွက်ပြေးလာကြတာပါ။ သူတို့ဟာ အကူအညီ၊ စာနာမှု ကို မျှော်လင့် ကြတာပါ။ သဘောကတော့ ဒီ နိုင်ငံလာရင် ဒီလို ဖြစ်မယ်။ ဒီလို မှ မဟုတ်ရင် တခြားနိုင်ငံသွား ဆိုတဲ့ ဖြေရှင်းနည်းပါပဲ လို့ ဝေဖန် လိုက်ပါတယ်။

ဒိန်းနစ်ရှ် ပြည်သူ့ပါတီ က ဥရောပ ပါလီမန် အမတ် Anders Vistisen ကတော့ ဒီမူ ကို ထောက်ခံတယ် လို့ ဆိုပါတယ်။ ဒိန်းမတ်လူမျိုးတွေ ဘက် က ကြည့်ရင် ဒါဟာ အကြောင်းပြချက် ခိုင်လုံ ပါတယ်။ ဒိန်းမတ် နိုင်ငံ အနေနဲ့ ကုလသမဂ္ဂ သဘောတူ စံနှုန်း အရ ဝင်လာတဲ့ ဒုက္ခသည်တွေ ကို ခံစားခွင့် တွေ ပေးပါတယ်။ တခြားဥရောပ နိုင်ငံ တွေ နဲ့ နှိုင်းစာရင် သူတို့ ရဲ့ ဒုက္ခသည် အခွင့်အရေး ဟာ ကောင်းမွန်တဲ့ အဆင့်ထဲ မှာ ရှိပါတယ် လို့ ဆိုပါတယ်။

ဥရောပ နိုင်ငံတွေ အနေနဲ့လည်း ပဲရစ်မှာ အကြမ်းဖက် တိုက်ခိုက်ခံရမှု၊ နှစ်သစ်ကူး အကြိုည က ဂျာမနီနိုင်ငံ ကိုလုံး မြို့ မှာ အမျိုးသမီးတွေ စော်ကား ခံရမှု စတာ တွေ မှာ ဒုက္ခသည် အဖြစ် ဝင်လာသူ တချို့ ရဲ့ ရမ်းကားမှု တွေ ဖြစ်နေလို့ အနောက်နိုင်ငံတွေ ရဲ့ တန်ဖိုးထားစံနှုန်း နဲ့ ဝင်လာသူတွေ ရဲ့ စရိုက်သဘာဝ ကွဲပြားမှု တွေ အပေါ် မှာ အကဲခတ် ဖို့ ခဲယဉ်းတဲ့ အတွက် စိုးရိမ် ကြောင့်ကျမှု တွေ ကြောင့် တင်းကျပ်မှု တွေ လုပ်နေပုံ ရတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဂျော်နီ ဒိုင်းမွန်း က သုံးသပ် ရေးသား ထားပါတယ်။