တင်းနစ် လုပ်ပွဲကစားမှုတွေကို ဂျိုကိုဗစ် ငြင်းဆို

  • 18 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် epa
Image caption တင်းနစ် လုပ်ပွဲတွေ သိပ်များများ မရှိနိုင်တော့ပါဘူးလို့ ဂျိုကိုဗစ်က ပြော။

တင်းနစ် အားကစား လောကမှာ ထိပ်တန်း ကစားသမားတွေ အကြား လုပ်ပွဲ ကစားမှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ထွက်ပေါ် လာပြီးနောက် ကမ္ဘာ့ နံပါတ်တစ် တင်းနစ် ကစားသမား နိုဗက် ဂျိုကိုဗစ်က အဲဒီ စွပ်စွဲမှုတွေကို ငြင်းဆို လိုက်ပါတယ်။

ဂရန်းဆလမ်း ချန်ပီယံ ၁၀ ကြိမ် ဖြစ်ဖူးတဲ့ ဂျိုကိုဗစ်က အဲဒီလို စွပ်စွဲမှုတွေ အတွက် ခိုင်လုံတဲ့ အထောက်အထား မရှိပါဘူးလို့ ပြောပါတယ်။ ဂျိုကိုဗစ်ဟာ သူ့ရဲ့ ကစားသမားဘဝ အစပိုင်းတုန်းက ပွဲတစ်ပွဲကို အရှုံးခံ ကစားဖို့ ကမ်းလှမ်း ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။

တင်းနစ် ထိပ်တန်း ကစားသမားတွေ အကြား လုပ်ပွဲ ကစားမှုတွေ အတွက် သက်သေခံ အထောက်အထားတွေ ပါတဲ့ လျှို့ဝှက် ဖိုင်တွေကို ဘီဘီစီနဲ့ BuzzFeed News တို့က ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဖိုင်တွေအရ ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်း တင်းနစ် ထိပ်တန်း ကစားသမား ၁၆ ဦးဟာ ပွဲတွေကို တမင် အရှုံးခံ ကစားခဲ့တယ် ဆိုပြီး တင်းနစ် အားကစား သန့်ရှင်းရေး ယူနစ် Tennis Integrity Unit က ထပ်တလဲလဲ သံသယ ဝင်ခဲ့တယ် ဆိုတာကို ညွှန်ပြ နေပါတယ်။ အဲဒီ ကစားသမားတွေ ထဲမှာ ဂရန်းဆလမ်း ချန်ပီယံတွေလည်း ပါဝင်နေပြီး သူတို့ အားလုံးကို ပွဲတွေ ဆက်ကစားခွင့် ပေးခဲ့ပါတယ်။

အဲဒီ သက်သေခံ အထောက်အထား တွေကို တင်ပြခွင့် ပိတ်ပင် ခဲ့ပြီး အသေအချာ စုံစမ်း စစ်ဆေးခဲ့ခြင်း မရှိဘူး ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။ အဲဒီ စွပ်စွဲမှုတွေကို တင်းနစ် ပရို ကစားသမား အဖွဲ့ရဲ့ ဥက္ကဋ္ဌ Chris Kermode က ငြင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ