အကြမ်းဖက် ဆန့်ကျင်မှု ဥပဒေ ပြင်ဖို့ အင်ဒို ပြော

  • 19 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် epa
Image caption ဂျာကာတာက တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ နေရာမှာ လုံခြုံရေးတွေ စောင့်နေစဉ်။

အင်ဒိုနီးရှား နိုင်ငံ၊ မြို့တော် ဂျာကာတာမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ခဲ့ပြီးနောက် နိုင်ငံရဲ့ အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေကို ပြန်လည် ပြင်ဆင်ဖို့ သမ္မတ ဂျိုကို ဝီဒိုဒိုက တိုက်တွန်း လိုက်ပါတယ်။

အဆိုပြု လိုက်တဲ့ ပြင်ဆင်ချက် အသစ်တွေ အရ အကြမ်းဖက်မှုနဲ့ သံသယ ရှိတဲ့ မသင်္ကာသူ တွေကို အာဏာပိုင်တွေ အနေနဲ့ ပိုပြီး လွယ်လွယ်ကူကူ ဖမ်းဆီး နိုင်မှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ နိုင်ငံထဲ ပြန်ဝင်လာတဲ့ ဂျီဟတ် ဝါဒီတွေက တိုက်ခိုက်မှုတွေ ထပ်လုပ် လာနိုင်တယ်လို့ အာဏာပိုင်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

အခု ပြဋ္ဌာန်းမယ့် ဥပဒေသစ်တွေ အရ အကြမ်းဖက်မှုနဲ့ သံသယ ရှိသူကို စွဲဆိုချက် တစုံတရာ မရှိဘဲ သီတင်း တစ်ပတ် မက ဖမ်းထားနိုင်မှာ ဖြစ်သလို၊ IS အဖွဲ့ထဲ ဝင်ရောက်တဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေကိုလည်း တရားမဝင်ကြောင်း သတ်မှတ် နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှား နိုင်ငံသား ၅၀၀ လောက်ဟာ အရှေ့အလယ်ပိုင်းကို သွားပြီး IS အဖွဲ့ထဲ ဝင်ရောက် ခဲ့ကြတယ်လို့ အာဏာပိုင်တွေက ယူဆ ထားကြပါတယ်။ အဲဒီ အထဲက အယောက် ၁၀၀ လောက် နိုင်ငံထဲ ပြန်ဝင် လာတယ်လို့လည်း ယူဆ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ