IS ချေမှုန်းရေး တိုးမြှင့် လုပ်ဆောင်ဖို့ ပဲရစ် ထိပ်သီး ညီလာခံ ဆုံးဖြတ်

  • 20 ဇန်နဝါရီ 2016
_air_strikes ဓာတ်ပုံ မူပိုင် Reuters
Image caption ဆက်သွယ်ရေး နဲ့ ထောက်ပံ့ရေး လမ်းကြောင်း တွေ လို အခြေခံ အဆောက်အဦ တွေ အပေါ် မှာ အဓိက ပစ်မှတ်ထား တိုက်ခိုက် သွားမယ်။

အီရတ် နဲ့ ဆီးရီးယား နိုင်ငံ ထဲက အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို အရှိန် တိုးမြှင့် တိုက်ခိုက် သွားဖို့ ပဲရစ် မြို့တော် မှာ တွေ့ဆုံ နေကြတဲ့ အနောက်နိုင်ငံ တွေရဲ့ ကာကွယ်ရေး ဝန်ကြီး တွေ သဘော တူ ခဲ့ကြပါတယ်။

IS အဖွဲ့ကို ဦးဆောင်မှု ပေးနေသူတွေ ရော၊ ဆက်သွယ်ရေး နဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေ လို အခြေခံ အဆောက်အဦ တွေ အပေါ် မှာပါ အဓိက ပစ်မှတ်ထား တိုက်ခိုက် သွားမယ် ဆိုပြီး ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး Michael Fallon က ပြောပါတယ်။

IS အဖွဲ့ ချေမှုန်းရေး ကို ပူးပေါင်း လုပ်ဆောင် နေကြတဲ့ မဟာမိတ် အုပ်စု အနေနဲ့ အဓိက ရည်မှန်း ချက် ၃ ခု ချ ထားတယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အက်ရှ်တန် ကာတာ က ပြောပါတယ်။

ဆီးရီးယား မြို့ ရက်ကာ နဲ့ အီရတ် မြို့ မိုဆိုးလ် တို့ မှာ ခြေကုပ် ယူထားတဲ့ IS အဖွဲ့ရဲ့ အဓိက အမိန့်ပေး ဌာန ချုပ် တွေ ကို ဖျက်ဆီး ပစ်ဖို့၊ IS အဖွဲ့ တကမ္ဘာလုံး အနှံ့ မပြန့်နှံ့ သွားစေဖို့ နဲ့ သက်ဆိုင်ရာ နိုင်ငံတွေ အတွင်း နိုင်ငံသား တွေ ဘေးကင်း လုံခြုံ စေဖို့ စတဲ့ ရည်မှန်းချက် ၃ ခု ချမှတ် ထားတယ် လို့ ဝန်ကြီး ကာတာ က ဆိုပါတယ်။

IS အဖွဲ့ကို ကိုင်တွယ်ရေး နဲ့ ပတ်သက်ပြီး အီရတ် နဲ့ တခြား အာရပ် နိုင်ငံ တွေ အပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံ က ကာကွယ်ရေး ဝန်ကြီး တွေဟာ ရှေ့လမှာ ဘရပ်ဆဲလ် မြို့မှာ တွေ့ဆုံ ဖို့ စီစဉ် ထားပါတယ်။

ဒီ အချိန်မှာပဲ၊ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ ရဲ့ ဘဏ္ဍာရေး ကို ချိနဲ့ အောင် လုပ်ဆောင် ဖို့ ကြိုးစားတဲ့ အနေနဲ့ IS လက်နက်ကိုင် တွေ ရဲ့ ငွေသားတွေ ထားရှိရာ နေရာကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တယ် ဆိုပြီး အမေရိကန် ဦးဆောင် တဲ့ မဟာမိတ် တပ်ပေါင်းစု အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က အီရတ်နိုင်ငံ မိုဆိုလ်း မြို့မှာ ပြုလုပ် ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု တွေ ဟာဆိုရင် အရပ်အသား အသေအပျောက် ရှိလာ နိုင်တာ ကို သိရက်နဲ့ လုပ်ဆောင် ခဲ့တာ ဖြစ်တယ် ဆိုပြီး အမေရိကန် စစ်ဘက် ရဲ့ ပြောခွင့်ရ တစ်ဦး က ဆိုပါတယ်။

တိုက်ခိုက် မှု တွေ ပြုလုပ် အပြီး လက်ရှိ ခန့်မှန်း ထားတာတွေ အရ အရပ်သား ထိခိုက်မှု ၁၀ ဦး ထက် မပို ဘူး လို့လည်း ဆိုပါတယ်။

IS တွေ ရဲ့ ငွေကြေး တွေ ထားရှိရာ နေရာ တွေကို အခုလ တွေ အတွင်း ပစ်မှတ်ထား တိုက်ခိုက် နေခဲ့တာ မှာ IS တွေ အတွက် ဒေါ် လာ သန်းပေါင်း များစွာ ဆုံးရှုံး ခဲ့ရပြီ ဖြစ်တယ် လို့လည်း အဆိုပါ ပုဂ္ဂိုလ် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ