လစ်ဗင်ညန်ကို လုပ်ကြံခံရမှု ပူတင် ခိုင်းတာ ဖြစ်နိုင်

  • 21 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ၂၀၀၆ ခုနှစ်က ရေဒီယို သတ္တိကြွ ပစ္စည်း ထည့်ထားတဲ့ လက်ဖက်ရည်ကို သောက်မိပြီးနောက် ရက်ပိုင်းအကြာမှာ သေဆုံးခဲ့။

ရုရှား သူလျှိုဟောင်း အလက်ဇန်ဒါ လစ်ဗင်ညန်ကို Alexander Litvinenko ၂၀၀၆ ခုနှစ်က ယူကေ နိုင်ငံမှာ လုပ်ကြံ ခံရတာဟာ ရုရှား သမ္မတ ပူတင်က ညွန်ကြား ခဲ့တာ ဖြစ်နိုင်တယ်လို့ စုံစမ်း စစ်ဆေးချက် တစ်ခုအရ တွေ့ရှိ ရပါတယ်။

သူတို့ နှစ်ဦးကြားမှာ ကိုယ်ရေးကိုယ်တာ ရန်ငြှိုးလည်း ရှိတဲ့အတွက် မစ္စတာ ပူတင်က မစ္စတာ လစ်ဗင်ညန်ကို ကို ရေဒီယို သတ္တိကြွ ပိုလိုနီယံ-၂၀၁ နဲ့ အဆိပ်ခတ် ခိုင်းခဲ့တာလို့ အဲဒီ အစီရင်ခံစာက ပြောပါတယ်။

အဲဒီ သတ်ဖြတ်မှုဟာ နိုင်ငံတကာ ဥပဒေကို ဗြောင်ကျကျ ချိုးဖောက်တာ ဖြစ်တယ်လို့ ယူကေ ပြည်ထဲရေး ဝန်ကြီး ထရီဇာ မေက ပြောပါတယ်။ အဲဒီ အမှုမှာ အဓိက လက်သည်အဖြစ် သံသယရှိတဲ့ Andrei Lugovoi နဲ့ Dmitry Kovtun တို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ကန့်သတ် ပိတ်ပင် လိုက်ပြီလို့ ထရီဇာ မေက ပြောပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ကတော့ အခုလို စုံစမ်း စစ်ဆေးမှုဟာ သာမန် ရာဇဝတ်မှု တစ်ခုကို နိုင်ငံရေး အရ အရောင် ဆိုးတာပဲလို့ ပြောပါတယ်။

မစ္စတာ လစ်ဗင်ညန်ကို ဟာ ၂၀၀၆ ခုနှစ်က လန်ဒန် မြို့မှာ ရေဒီယို သတ္တိကြွ ပစ္စည်း ထည့်ထားတဲ့ လက်ဖက်ရည်ကို သောက်မိပြီးနောက် ရက်ပိုင်းအကြာမှာ သေဆုံး ခဲ့ပါတယ်။

ရုရှား သူလျှိုဟောင်းဖြစ်သူ မစ္စတာ လစ်ဗင်ညန်ကိုဟာ နောက်ပိုင်းမှာ ဗြိတိန် ထောက်လှမ်းရေး MI6 အတွက် အလုပ်လုပ် ခဲ့တယ်လို့ ယုံကြည်ရပြီး ရုရှား ဘက်က အပြင်းအထန် ဝေဖန်တာကို ခံခဲ့ရသူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ