Litvinenko စုံစမ်းစစ်ဆေးမှု အပေါ်တုံ့ပြန်

  • 21 ဇန်နဝါရီ 2016
47_bbc_304x171
Image caption Litvinenko လုပ်ကြံမှု စစ်ဆေးချက်

ရုရှသူလျှိုဟောင်း အလက်ဇန်းဒါး လစ်ဗင်ညန်ကို ကို ရေဒီယို သတ္တိကြွ ပိုလိုနီယံ ၂၁၀ နဲ့ အဆိပ်ခတ် သတ်မှု မှာ ရုရှ သမ္မတ ပူတင် နဲ့ ထောက်လှမ်းရေး အဖွဲ့ ရဲ့ ညွှန်ကြားချက် ကြောင့် ဆိုတဲ့ စုံစမ်းစစ်ဆေးချက် ထွက်ရှိလာတဲ့ အပေါ် မှာ ဗြိတိန်နိုင်ငံ ဆိုင်ရာ ရုရှ သံအမတ်ကြီး အလက်ဇန်းဒါး ယာကိုဗင်ကို က ဗြိတိသျှ အာဏာပိုင် တွေ ရဲ့ ကြီးမားတဲ့ ရန်စမှု လို့ ဆိုလိုက်ပါတယ်။

ရုရှ အစိုးရ အနေနဲ့ လစ်ဗင်ညန်ကို အမှုနဲ့ပတ်သက်လို့ ဖေါ်ထုတ်လိုက်မှု ဟာ ဗြိတိသျှ အာဏာပိုင် တွေ ရဲ့ ဗြောင်ကျကျ ရန်စမှု လို့ ပဲ သုံးသပ်လိုက်ပါတယ်။ ဒါကို လက်မခံနိုင်တဲ့ အခါမှာ အထောက်အထား တွေ ကိုလည်း ပွင့်ပွင့် လင်းလင်း စစ်ဆေးခြင်း မပြုပဲ အခု မှ ရုရှ နဲ့ ယူကရိန်း အရေး ပေါ်ပေါက် ခဲ့ပြီးတဲ့ နောက်ပိုင်း အပြင် တခြား နိုင်ငံရေး ကိစ္စ တွေ နဲ့ ရုရှ ပတ်သက်မှု ရှိတဲ့ အပေါ် မှာ ထုတ်ဖေါ်လိုက်ခြင်းဟာ ရုရှ အပေါ် မှာ နိုင်ငံတကာ ဖိအား ပိုများလာအောင် တမင်လုပ်တယ် လို့ ယူဆလို့ နှစ်နိုင်ငံ ဆက်ဆံရေး ကိုလည်း ထိခိုက် စေပါတယ် လို့ တုံ့ပြန် လိုက် ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ကတော့ လန်ဒန်မြို့လယ်မှာ ဗြိတိသျှ နိုင်ငံသား ခံယူ ပြီးသား အလက်ဇန်းဒါး လစ်ဗင်ညန်ကို လုပ်ကြံမှု ဟာ လည်း သွေးအေးအေးနဲ့ ပြုလုပ်တဲ့ အတွက် အရင် လေဘာ အစိုးရ လက်ထက် ကတည်း က စတင် အရေးယူမှု တွေ ပြုခဲ့ကြောင်း၊ ပြစ်မှု ဖြစ်ပွားတဲ့ ၂၀၀၆ ခု ကတည်း က လုပ်ကြံမှု ကျူးလွန်တယ် လို့ သံသယ မကင်းဘွယ် အန်ဒြေ လူဂိုဗွိုင် နဲ့ ဒမစ်တြီ ကော့ဗ်တွန်း တို့ ကို စစ်ဆေးဖို့ ဆင့်ခေါ် ရာမှာလည်း ရုရှ က ခွင့် မပြုခဲ့တဲ့ အပြင် ဗြောင်ငြင်း ခဲ့တာ တွေ ထောက်ပြခဲ့ပါတယ်။

ဖြစ်ပျက်ခဲ့တဲ့ အမှု ဟာ မယုံနိုင်လောက်အောင် ဆိုးဝါးတဲ့ ကျူးလွန်မှု ဖြစ်ခဲ့လို့ ထွက်ပေါ်လာတဲ့ အစီရင် ခံစာ အရ အတည်ပြုလို့ ရပါတယ်။ ဒီပြစ်မှုကြီး ရဲ့ နောက်ကွယ်မှာ ရုရှ အစိုးရ တာဝန် မကင်းဘူး ဆိုတာလည်း ယုံကြည်လောက်ဖွယ် အချက်အလက် တွေ ရှိနေ ပါတယ် လို့ ဆိုလိုက် ပါတယ်။ ဒါကြောင့်မို့ ပြစ်မှုကျူးလွန်တယ် လို့ သင်္ကာ မကင်းဘွယ် နှစ်ဉီး ရဲ့ ပိုင်ဆိုင်မှုတွေ ကို ပိတ်ပင် ထားမယ်၊ ဗြိတိန် ကို ဝင်ခွင့်လည်း တားမြစ်မဲ့ အကြောင်းတွေ မစ္စတာ ကင်မရွန် က ပြောပါတယ်။

ရုရှ နိုင်ငံဘက် မှာလည်း အန်ဒြေ လူဂိုဗွိုင် ဆိုရင် ဒူးမား လွှတ်တော် အမတ် ဖြစ်နေသလို ဒမစ်တြီ ကော့ဗ်တွန် ကလည်း စီးပွားရေး သမား တယောက် ဖြစ်နေလို့ ရုရှအစိုးရ ရဲ့ မြှောက်စား ခြင်း ကို ခံယူနေရတဲ့ အသွင် လည်း ဆောင်သလို ဖြစ်နေပါတယ်။

ဗြိတိသျှ အစိုးရ အနေနဲ့ ရုရှ အပေါ် မှာ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု တိုးမြှင့် လုပ်ရေးမှာလည်း ဆီးရီးယား အရေးကိစ္စ၊ အီရန် နျူကလိယ အရေးတွေ လည်း ရှိနေသေး လို့ အထိုက် အလျောက် အခက်အခဲ ရှိတဲ့ အကြောင်း၊ ဒါပေမဲ့ ဝန်ကြီးချုပ် ကင်မရွန် ကတော့ သမ္မတ ပူတင် နဲ့ တွေ့ဖို့ အခွင့်အရေး ကြုံရင် အခုစုံစမ်းတွေ့ရှိချက်တွေ အပေါ် မှာ မေးခွန်းထုတ်မယ် လို့ ပြောတာကို ဘီဘီစီ လုံခြုံရေး ဆိုင်ရာ သတင်းထောက် ဂေါ်ဒင် ကိုရဲရား က ပြောပါတယ်။