အမေရိကတိုက် တခွင်လုံး ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်

  • 25 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AP

ဇီကာ ဗိုင်းရပ်စ်ဟာ တောင်နဲ့ မြောက် အမေရိက တဝန်းလုံး နီးပါး အထိ ကူးစက် ပျံ့ပွား နိုင်တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က သတိပေး လိုက်ပါတယ်။

ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံရရင် ကိုယ်ပူချိန် တက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ ရောဂါ လက္ခဏာတွေကို တွေ့ရပြီး၊ ကူးစက်မှုတွေကို ကာရစ်ဘီယံ ဒေသနဲ့ တောင်နဲ့ မြောက် အမေရိက တဝန်းက ၂၁ နိုင်ငံမှာ တွေ့ရှိရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ မိခင်တွေဆီက ဦးနှောက် မဖွံ့ဖြိုးတဲ့ ကလေးငယ်တွေ မွေးဖွားလာတဲ့ အတွက် တချို့ နိုင်ငံတွေမှာ အမျိုးသမီးတွေကို ကိုယ်ဝန် မဆောင်ကြဖို့ အကြံပေး ထားကြပါတယ်။

ဒီ ဗိုင်းရပ်စ် အတွက် ကုသနိုင်တဲ့၊ ကာကွယ် နိုင်တဲ့ ဆေးဝါး မရှိသေး ပါဘူး။

ဇီကာ ဗိုင်းရပ်စ်ကို အာဖရိက တိုက်မှာ စတင် တွေ့ရှိ ခဲ့တာ ဖြစ်ပြီး ၂၀၁၅ မေလမှာ ဘရာဇီး နိုင်ငံမှာ တွေ့ရှိ ခဲ့ပြီးနောက် အမေရိက တိုက်မှာ ပျံ့ပွား လာတာ ဖြစ်ပါတယ်။

ဇီကာ ဗိုင်းရပ်စ်ကို သဘာဝ အလျောက် ခုခံနိုင်စွမ်း အမေရိက တိုက်မှာ မရှိသလောက် ရှားပါးတဲ့ အတွက် အခုလောက် အထိ လျင်လျင်မြန်မြန် ပျံ့ပွားလာတာ ဖြစ်နိုင်တယ်လို့ ယူဆ ကြပါတယ်။

ဒီ ဗိုင်းရပ်စ်ကို သယ်ဆောင်တဲ့ Aedes ခြင်ကိုလည်း အမေရိက တိုက်က ကနေဒါနဲ့ ချီလီက လွဲပြီး နိုင်ငံ အားလုံးမှာ တွေ့ရှိ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ