ခိုလှုံသူတွေရဲ့ ပစ္စည်းတွေကို သိမ်းဖို့ ဒိန်းမတ် အတည်ပြု

  • 26 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ရွှေ့ပြောင်း ဝင်ရောက်သူတွေရဲ့ ပစ္စည်းတွေကို ဒီဥပဒေအရ ရဲတွေ အနေနဲ့ ရှာဖွေ သိမ်းယူနိုင်မယ်။

ဒိန်းမတ် နိုင်ငံမှာ ခိုလှုံခွင့် လျှောက်သူတွေကို လက်ခံရာမှာ သူတို့ရဲ့ အဖိုးတန် ပစ္စည်းတွေကို သိမ်းယူမယ့် ဥပဒေကို ပါလီမန်က အတည်ပြု လိုက်ပါတယ်။

ဒီဥပဒေကို စတင် အဆိုပြုစဉ်က လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန် ခဲ့ကြပေမယ့် ဒိန်းမတ် အမတ်တွေ အတည်ပြုလိမ့်မယ် ဆိုတာကို အစောပိုင်း ကတည်းက ယူဆ ခဲ့ပြီးသား ဖြစ်ပါတယ်။

ဒိန်းမတ် နိုင်ငံသား အလုပ်လက်မဲ့တွေ ဟာလည်း အစိုးရ အထောက်အပံ့ လျှောက်ထားမယ် ဆိုရင် ပိုင်ဆိုင်မှုတွေကို ရောင်းရတဲ့အတွက် ဒီဥပဒေက ရွှေ့ပြောင်း ဝင်ရောက်သူတွေကို ဒိန်းမတ် အလုပ်လက်မဲ့တွေနဲ့ တစ်သဘောတည်း ထားတာ ဖြစ်တယ်လို့ ဒိန်းမတ် အာဏာပိုင်တွေက ပြောပါတယ်။

တခါ ခိုလှုံခွင့် လျှောက်သူတွေ အနေနဲ့ သူတို့ မိသားစုဝင် တွေကို ခေါ်ဖို့ နောက်ထပ် ၁ နှစ် အစား ၃ နှစ်အထိ စောင့်ရမယ့် သတ်မှတ်ချက် ကိုလည်း ဒိန်းမတ် အမတ်တွေက ထောက်ခံ အတည်ပြု ခဲ့ကြပါတယ်။

ဒိန်းမတ် အနေနဲ့ ၂၀၁၆ ထဲမှာ ခိုလှုံခွင့် လျှောက်သူပေါင်း ၂ သောင်းလောက် အထိ လက်ခံသွားဖို့ မျှော်လင့် ထားတယ်လို့ လူဝင်မှု ဝန်ကြီးဌာနက ဘီဘီစီကို ပြောပါတယ်။

ဒိန်းမတ်နဲ့ သူ့ရဲ့ အိမ်နီးချင်း ဆွီဒင် တို့ဟာ ရွှေ့ပြောင်းသူ အရေအတွက်ကို ထိန်းချုပ် နိုင်ဖို့ ပြည်ဝင်ခွင့် ကန့်သတ်ချက် တွေကိုလည်း သိပ်မကြာခင်က တင်းကျပ် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ