မလေးရှား ဝန်ကြီးချုပ် အဂတိမှုစွဲချက် ကင်းလွတ်

  • 26 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အဂတိ လိုက်စားခြင်း မရှိကြောင်း နာဂျစ် ရာဇက်က တောက်လျှောက် ငြင်းဆိုခဲ့။

မလေးရှား နိုင်ငံမှာ ဝန်ကြီးချုပ် နာဂျစ် ရာဇက်ရဲ့ ငွေကြေး အရှုပ်တော်ပုံ အချိန်အတန်ကြာ ပေါ်ပေါက် နေခဲ့ပြီးနောက် အခုတော့ မစ္စတာ နာဂျစ်မှာ အပြစ်မရှိကြောင်း အထက်တန်း အစိုးရ ရှေ့နေက ပြောဆိုလိုက်ပြီး လာဘ်စားမှု စွဲချက်တွေကနေ ကင်းလွတ် ပေးလိုက်ပါတယ်။

ဝန်ကြီးချုပ် မစ္စတာ နာဂျစ်ရဲ့ ကိုယ်ပိုင် ဘဏ်စာရင်းထဲမှာ တွေ့ရတဲ့ ဒေါ်လာ ၆၈၁ သန်းဟာ ဆော်ဒီ နိုင်ငံက တော်ဝင် မိသားစုရဲ့ ပုဂ္ဂလိက လှူဒါန်းငွေတွေ ဖြစ်တယ်လို့ ရှေ့နေချုပ် ရုံးက အင်္ဂါနေ့မှာ ပြောပါတယ်။

ဝေဖန်သူတွေက အဲဒီ ငွေတွေဟာ 1MDB လို့ ခေါ်တဲ့ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရဲ့ ငွေတွေ ဖြစ်တယ်လို့ စွပ်စွဲ ခဲ့ကြတာ ဖြစ်ပါတယ်။

အခု ရှေ့နေချုပ် မိုဟာမက် အပန်ဒီ အလီကတော့ ဒီငွေတွေဟာ ၂၀၁၃ မတ်လကုန်မှာ ပုဂ္ဂလိက လှူဒါန်းငွေ အဖြစ် ဆော်ဒီ တော်ဝင် မိသားစုကနေ ပေးပို့ခဲ့တာ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အဂတိမှု စုံစမ်ရေး အရာရှိတွေ အနေနဲ့ အဲဒီ အလှူရှင် အပါအဝင် တခြား သက်သေတွေနဲ့ပါ အတည်ပြု နိုင်ခဲ့ပြီလို့လည်း ရှေ့နေချုပ်က ပြောပါတယ်။

မစ္စတာ နာဂျစ်က အဲဒီ စွပ်စွဲမှုတွေကို တောက်လျှောက် ငြင်းဆို ခဲ့ပေမယ့် ရာထူးကနေ နုတ်ထွက်ဖို့ ဖိအားပေး ခံခဲ့ရပါတယ်။

တချို့ကလည်း ဒီအမှုကို အရင်ဆုံး စစ်ဆေးခဲ့တဲ့ ရှေ့နေချုပ်ကို လူစားထိုးခဲ့တာ၊ ဒီအမှုအကြောင်း ဦးစားပေး ဖော်ပြတဲ့ ဝက်ဘ်ဆိုက် တစ်ခုကို ပိတ်ခဲ့တာ စတာတွေ အတွက် ဝေဖန် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ