လာဘ်ယူမှု စွဲချက်ကြောင့် ဂျပန် စီးပွားရေးဝန်ကြီး နုတ်ထွက်

  • 28 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ အမာရီဟာ ဝန်ကြီးချုပ် အဘေးရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ် Abenomics ကို ပုံစံဖော်ထုတ်သူ အဖြစ် လူသိများ။

ဂျပန် နိုင်ငံရဲ့ စီးပွားရေး ဝန်ကြီး အကီရာ အမာရီ က လာဘ်စားမှုနဲ့ စွပ်စွဲ ခံခဲ့ရပြီးနောက် ရာထူးကနေ နုတ်ထွက် တော့မယ်လို့ ပြောလိုက် ပါတယ်။

သူဟာ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုကနေ ဒေါ်လာ တစ်သိန်း လက်ခံ ရယူခဲ့တယ် ဆိုပြီး မဂ္ဂဇင်း ဆောင်းပါး တစ်ခုက စွပ်စွဲ ရေးသားတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ စွပ်စွဲမှုကို မစ္စတာ အမာရီက ငြင်းဆို ခဲ့ပေမယ့် သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ တာဝန်ယူမှု အရ နုတ်ထွက် ရတော့မယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ သူက ပြောပါတယ်။

မစ္စတာ အမာရီဟာ ဂျပန်ရဲ့ စီးပွားရေးနဲ့ အခွန် ဝန်ကြီး အဖြစ် ၂၀၁၂ ခုနှစ် ကတည်းက တာဝန်ယူခဲ့သူ ဖြစ်ပြီး၊ ဝန်ကြီးချုပ် ရှင်ဇို အဘေးရဲ့ အယုံကြည်ရဆုံး ပါလီမန် အမတ်လည်း ဖြစ်တဲ့ အတွက် သူ နုတ်ထွက်မယ့် ကိစ္စဟာ မစ္စတာ အဘေးအတွက် ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်လာ နိုင်ပါတယ်။

ပစ္စိဖိတ် ဖြတ်ကျော် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် TPP အတွက် ဂျပန်ရဲ့ ဦးဆောင် ညှိနှိုင်းသူလည်း ဖြစ်တဲ့ မစ္စတာ အမာရီဟာ ပုံမှန်အတိုင်း ဆိုရင် လာမယ့် သီတင်းပတ်မှာ နယူးဇီလန်ကို သွားပြီး အဲဒီ သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ အရင်က စီစဉ် ထားတာ ဖြစ်ပါတယ်။

မစ္စတာ အမာရီဟာ ငွေကျုံ့မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဂျပန်ရဲ့ စီးပွားရေးကို ပြန်ရုန်းထွက် လာစေတဲ့ အဘေနိုမစ်စ် Abenomics လို့ ခေါ်ကြတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုရဲ့ ပုံစံ ဖော်ထုတ်သူ အဖြစ်လည်း အများက ရှုမြင် ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ