အိုလံပစ်ပွဲ ဇီကာ အန္တရာယ်ကင်းဖို့ IOC ကတိပေး

  • 29 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption မြို့တော် ရီယို မှာ ဇီကာ အန္တရာယ် မရှိ စေဖို့ IOC ကတိပေးနေ။

ဘရာဇီး နိုင်ငံမှာ လောလောဆယ် ဇီကာ ဗိုင်းရပ်စ် ကူးစက် ပြန့်နှံ့ မှု ဖြစ်ပေါ် နေပေမယ့် လာမယ့် ဩဂုတ် လဆန်း အိုလံပစ် ပွဲတော် လက်ခံ ကျင်းပ ချိန် ရောက်တဲ့ အခါ မြို့တော် ရီယို ဒါဂျနေရိုး မှာ ဘာ အန္တရာယ် မှ မဖြစ် စေရဘူး ဆိုပြီး လာရောက် ယှဉ်ပြိုင် ကြမယ့် နိုင်ငံ အသီးသီးက အားကစား အဖွဲ့တွေကို နိုင်ငံတကာ အိုလံပစ် ကော်မတီ IOC က ကတိပေး ပြောကြား လိုက်ပါတယ်။

ဒါပေမယ့် IOC အဖွဲ့ရဲ့ ကျန်းမာရေး ဆိုင်ရာ ကော်မရှင် ကတော့ အိုလံပစ် ပွဲတော် လာရောက် ကြမယ့် သူတွေ အနေနဲ့ ဘရာဇီး နိုင်ငံ ထဲမှာ ရှိနေတုန်း ကိုယ့်ကိုယ့်ကိုယ် ခြင် အကိုက် မခံရအောင် ကာကွယ် နေထိုင် ကြပါ ဆိုပြီး အကြံပြု ထားပါတယ်။

ခြင်ကနေတဆင့် ကူးစက် နိုင်တဲ့ ဇီကာ ဗိုင်းရပ်စ် ပြန့်နှံ့မှု ဟာ ဘရာဇီး အပါအဝင် ဒေသတွင်း တလွှား ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ် နေတယ် လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က သတိ ပေး ထားပါတယ်။

IOC ကနေ ဘရာဇီး အိုလံပစ် နဲ့ ပတ်သက်ပြီး ပြောဆို လာမှု ဟာ ဘရာဇီး နိုင်ငံ တွင်း ဖြစ်ပေါ် နေတဲ့ စီးပွားရေး နဲ့ နိုင်ငံရေး အကြပ်အတည်း တွေ ကြားထဲ က အိုလံပစ်ပွဲ ဖြစ်မြောက် ဖို့ လုပ်ဆောင် နေရတဲ့ အာဏာပိုင် တွေ အတွက် စိတ် သက်သာရာ ရစေ နိုင်တယ် လို့ ဘရာဇီး မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

တခါ၊ ဘရာဇီး ရဲ့ နိုင်ငံပိုင် ပက်ထရိုးဘရပ်စ် ရေနံ ကုမ္ပဏီ ကြီး နဲ့ ဆက်စပ် နေတဲ့ ငွေကြေး မသမာ မှု တွေ အကြောင်း စုံစမ်း စစ်ဆေး နေ တာမှာ သမ္မတ ဟောင်း လူလာ ဒါ ဆေးလ်ဗား နဲ့ ဇနီး ဖြစ်သူ တို့ကို လာရောက် ထွက်ဆို ဖို့ ဆင့်ခေါ် လိုက် ပါတယ်။

ပင်လယ် ကမ်းခြေ ကို မျက်နှာ ပြုထားတဲ့ ဇိမ်ခံ တိုက်ခန်း ကျယ် နဲ့ ပတ်သက်ပြီး သမ္မတ ဟောင်း အနေနဲ့ ပိုင်ဆိုင်မှု ကြေညာ ဖို့ ပျက်ကွက် ခဲ့သလား ဆိုတာ ကို ဘရာဇီး အစိုးရ ရှေ့နေ က သိချင် နေပါတယ်။

လောလောဆယ် အဲဒီ့ တိုက်ခန်း ကို ပိုင်ဆိုင် တယ် ဆိုတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ ဟာ အကျင့်ပျက်မှု၊ ငွေကြေး ခဝါ ချမှု တွေ နဲ့ အရေးယူ ခံထားရပါတယ်။

မစ္စတာ လူလာ ဒါ ဆေးလ်ဗား ကတော့ သူ့ အနေနဲ့ ဘယ် ဥပဒေ ကိုမှ ချိုးဖောက် ခဲ့တာ မရှိဘူး လို့ ပြောဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ