အမေရိကန် ကာကွယ်ရေး အသုံးစားရိတ် မြှင့်မယ်

  • 3 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဥရောပ စစ်စခန်းတွေမှာ အမေရိကန်တပ်တွေ တိုးချဲ့ ချထားပြီး မဟာမိတ် တွေနဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပိုမို ပြုလုပ်သွားမယ်

ရုရှ ကျူးကျော် ရန်စမှု အန္တရာယ်ကြောင့် လာမယ့်နှစ် ဥရောပ ကာကွယ်ရေး အသုံးစရိတ်ကို အမေရိကန်က ၄ ဆ တိုးချဲ့ သုံးစွဲသွားဖို့ ပြင်ဆင်နေပါပြီ။

ရုရှဟာ အမေရိကန် အတွက် ကြီးထွားလာနေတဲ့ စိန်ခေါ်မှုလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Ashton Carter ပြောပါတယ်။

၂ဝ၁၄ ခုနှစ်က ယူကရိန်းပိုင် ကရိုင်းမီးယား ကျွန်းဆွယ် ကို ရုရှက သိမ်းပိုက်ခဲ့ပြီးနောက် ရုရှနဲ့ အနောက်အုပ်စု နိုင်ငံတွေကြား ဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။

ဥရောပ စစ်စခန်းတွေမှာ အမေရိကန်တပ်တွေ တိုးချဲ့ ချထားပြီး မဟာမိတ် တွေနဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပိုမို ပြုလုပ်သွားမယ် လို့လည်း မစ္စတာ ကာတာက ဆိုပါတယ်။

အရင် အနှစ် ၂ဝ ကျော် ၂၅ နှစ် လောက်က ရုရှ အန္တရာယ်ကို မစိုးရိမ် ခဲ့ရပေမယ့် ခုတော့ ကြုံတွေ့ လာပြီ လို့ သူက ပြောပါတယ်။ ကျူးကျော် ရန်စဖို့ ပြင်ဆင် နေသူကို ရန်မစရဲအောင် တပ်ပြင်ဆင် ထားမှ ဖြစ်တော့မယ် လို့ မစ္စတာ ကာတာ က ဆိုပါတယ်။

၂ဝ၁၇ ခုနှစ် အမေရိကန် ကာကွယ်ရေး ဘက်ဂျက်မှာ ဥရောပ အတွက် ဒီနှစ်မှာ ဒေါ်လာ သန်း ၈ဝဝ လောက် သုံးနေရာက ဒေါ်လာ သန်း ၃၄ဝဝ ထိ တိုးမြှင့် သုံးဖို့ လျာထားပါတယ်။

ဒါဟာ ရုရှရဲ့ ယူကရိန်း အရေး စွက်ဖက်မှု တွေနောက်ပိုင်း နေတိုး မဟာမိတ် အဖွဲ့ဝင်နိုင်ငံတွေကြား စိုးရိမ်မှုတွေ တိုးလာတဲ့ အတွက် အမေရိကန် ရဲ့ ဂရုစိုက်မှုကို ပြသတာလည်း ဖြစ်ပါတယ်။

အရှေ့ ဥရောပက ဆိုဗီယက် ပြည်ထောင်စု ဝင်ဟောင်း ၆ နိုင်ငံမှာ အမေရိကန်က တင့်ကား အစင်း ၂၅ဝ၊ သံချပ်ကာ ယာဉ် တွေနဲ့ တခြား စစ်လက်နက် အကူအညီတွေ ချထားမယ် လို့လည်း သိရပါတယ်။

နေတိုး စစ်စာချုပ် ဝင် နိုင်ငံ တပ်တွေ အတွက် လက်နက် ၊ လေယာဉ် နဲ့ တပ်သားတွေ ပိုကူညီ ပေးဖို့လည်း Ashton Carter ပန်ကြား ခဲ့ပါတယ်။

အလားတူပဲ တောင်တရုတ် ပင်လယ်မှာ အငြင်းပွားနေတဲ့ ကျွန်းတွေကြောင့် တရုတ်ရဲ့ ရန်လိုမှု တိုးမြှင့် လာတာ ကိုလည်း သူက ထောက်ပြ ပါတယ်။

အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေမှာ IS တွေကို လေကြောင်းက စစ်ဆင် နေရာမှာတော့ လေဆာ ရောင်ခြည်သုံး ဒုံးကျည် တွေနဲ့ စမတ် ဗုံးတွေ ပိုမို ဝယ်ယူ သုံးစွဲ သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ