ယူကေအတွက် ကမ်းလှမ်းချက်မူကြမ်း အီးယူ ထုတ်

  • 2 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters

ဥရောပ သမဂ္ဂ အဖွဲ့ထဲမှာ ယူကေ နိုင်ငံကို ဆက်နေဖို့ ဆွဲဆောင်ထားတဲ့ ပြုပြင် ပြောင်းလဲရေး ကမ်းလှမ်းချက် မူကြမ်းကို အီးယူ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တက်စ်က ဖော်ပြ လိုက်ပါတယ်။

ယူကေ အနေနဲ့ အီးယူထဲမှာ ဆက်နေဖို့ မနေဖို့ ဆုံးဖြတ်မယ့် လူထုဆန္ဒ ခံယူပွဲ လုပ်ဖို့ ရှိနေချိန်မှာ အခုလို ကမ်းလှမ်းချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ယူကေ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း စိုးရိမ်တဲ့ အချက်တွေကို အီးယူ စီမံကိန်းဆိုင်ရာ စည်းမျဉ်းတွေကို မချိုးဖောက်ဘဲ ဖြေရှင်းနိုင်ဖို့ ကြိုးစား ထားတယ်လို့ ဒေါ်နယ် တက်စ်က ပြောပါတယ်။

အဲဒီ ကမ်းလှမ်းချက်တွေ ထဲမှာ ဗြိတိန် အနေနဲ့ အီးယူက ဝင်လာတဲ့ အလုပ်သမားတွေကို ထောက်ပံ့ကြေး ပေးတာတွေ ရပ်ဆိုင်းနိုင်မယ့် အစီအစဉ် တစ်ခုလည်း ပါဝင်ပါတယ်။

တစ်ခါ အီးယူက အဆိုပြုတဲ့ ဥပဒေတွေကို ယူကေ ပါလီမန်တွေ စုပေါင်းပြီး ပြင်ဆင်တာ၊ ကန့်ကွက်တာတွေ လုပ်နိုင်မယ့် အချက်လည်း ပါဝင်ပါတယ်။

အဲဒီ ပြင်ဆင် ကမ်းလှမ်းချက်တွေ အတည်ဖြစ်ဖို့ အတွက် သီတင်း ၂ပတ်အတွင်း ပြုလုပ်ဖို့ ရှိတဲ့ အီးယူ ထိပ်သီး ဆွေးနွေးပွဲမှာ အဖွဲ့ဝင် ၂၈ နိုင်ငံစလုံးက သဘောတူရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ