မြောက်ကိုရီးယား ဂြိုဟ်တုအစီအစဉ် တောင်ကိုရီးယား သတိပေး

  • 3 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption တောင်ကိုရီးယား သမ္မတရုံး အကြီးတန်း အရာရှိ မစ္စတာ ချိုက ရုပ်သံကနေ မြောက်ကိုရီးယားကို သတိပေးခဲ့။

အာကာသထဲ ဂြိုဟ်တု တစ်လုံး လွှတ်တင်မယ့် မြောက်ကိုရီးယားရဲ့ အစီအစဉ်ကို ဆက်လုပ်မယ် ဆိုရင် ဆိုးဆိုးရွားရွား ပြန်ပေးဆပ် ရလိမ့်မယ်လို့ တောင်ကိုရီးယားက သတိပေး လိုက်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နဲ့ ၂၅ ရက် အတွင်းမှာ ဂြိုဟ်တု သယ်ဆောင်မယ့် ဒုံးပျံ တစ်စင်းကို ပစ်လွှတ် သွားမယ်လို့ မြောက်ကိုရီးယားက အင်္ဂါနေ့က ကြေညာခဲ့တာပါ။

ဝေဖန်သူတွေ ကတော့ အဲဒီလို ပစ်လွှတ်မယ့် အစီအစဉ်ဟာ ပဲ့ထိန်း ဒုံးကျည် စနစ်ကို စမ်းသပ်ဖို့အတွက် ဟန်ပြ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဂျပန် ကာကွယ်ရေး ဝန်ကြီးကလည်း ဂျပန် နယ်နိမိတ်ထဲ ကျလာနိုင်တဲ့ ဘယ် ဒုံးပျံကို မဆို ပစ်ချဖို့ အမိန့်ပေးထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဝါရှင်တန် ကတော့ မြောက်ကိုရီးယားရဲ့ အစီအစဉ်ဟာ ဘယ်ဒုံးပျံကို မဆို မပစ်လွှတ်ဖို့ မြောက်ကိုရီးယားအပေါ် တားမြစ်ထားတဲ့ ကုလ သမဂ္ဂရဲ့ တားမြစ်ချက်ကို အလွန်အကျွံ ချိုးဖောက်ရာ ရောက်မှာဖြစ်တဲ့ အတွက် ထပ်ပြီး ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့လည်း ဆော်သြ လိုက်ပါတယ်။

မြောက်ကိုရီးယား ကတော့ သူတို့ရဲ့ အာကာသ အစီအစဉ်ဟာ ငြိမ်းချမ်းပါတယ်လို့ အမြဲလိုလို ပြောနေပေမယ့် အများကတော့ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးပျံတွေ တည်ဆောက် နေတယ်လို့ ယုံကြည် ထားကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ကလည်း မြောက်ကိုရီးယားက သူတို့ရဲ့ ၄ ကြိမ်မြောက် နျူလက်နက် စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး နိုင်ငံတကာက ဝိုင်းဝန်း ရှုတ်ချ ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ