အမေရိကန်မှာ လိင်ကတဆင့် ဇီကာ ကူးစက်

  • 3 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AP

အမေရိကန် ပြည်ထောင်စုက ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးဟာ ခြင်ကိုက် ခံရလို့ မဟုတ်ဘဲ လိင်က တဆင့် ကူးစက်ခဲ့တယ် ဆိုတာကို ရှားရှားပါးပါး တွေ့ရှိ ခဲ့ပါတယ်။

တက္ကဆက် ပြည်နယ်၊ ဒါးလက်စ် မြို့က အဲဒီ လူနာဟာ လိင်ဆက်ဆံမှု ကနေ ကူးစက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရောဂါပိုး ထိန်းချုပ်ရေး စင်တာ CDC က ဘီဘီစီကို ပြောပါတယ်။

သူဟာ ရောဂါ ပျံ့ပွားနေတဲ့ ဒေသတွေကို သွားရောက်ခဲ့ခြင်း မရှိပေမယ့် သူ့ရဲ့ လက်တွဲဖော် ကတော့ ဗင်နီဇွဲလား နိုင်ငံကနေ ပြန်လာခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇီကာ ဗိုင်းရပ်စ်ကို ခြင်တွေက သယ်ဆောင် ပျံ့ပွားစေတာ ဖြစ်ပြီး ဦးနှောက် မဖွံ့ဖြိုးတဲ့ ကလေးငယ်တွေ ထောင်ချီ မွေးဖွားလာမှုနဲ့လည်း ဆက်စပ် နေပါတယ်။

တောင်နဲ့ မြောက် အမေရိက တခွင်လုံးမှာ ဇီကာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့နေပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က ဇီကာဗိုင်းရပ်စ် အတွက် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးပေါ် အခြေအနေကို ကြေညာ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ