ကိုလုန်းမြို့မှာ ကာနီဗယ်အတွက် လုံခြုံရေး တင်းကျပ်

  • 4 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ကာနီဗယ် ပွဲတော်ရဲ့ ပထမဆုံးနေ့က အမျိုးသမီးတွေရဲ့ ပွဲနေ့ ဖြစ်ပြီး ဒီနှစ်မှာ လုံခြုံရေးတွေ တိုးမြှင့်ထား။

ဂျာမနီ နိုင်ငံ ကိုလုန်းမြို့မှာ လိင်ပိုင်း စော်ကားမှုတွေ၊ လုယက်မှုတွေ နှစ်သစ်ကူး အကြိုနေ့က ဖြစ်ခဲ့ပြီးနောက် ဒီကနေ့ ကြာသပတေး နေ့မှာ စတင် ပြုလုပ်တဲ့ ကာနီဗယ် ပွဲတော် အတွက် လုံခြုံရေးတွေ တိုးမြှင့် ချထားပါတယ်။

တစ်ပတ် ကြာမယ့် ဒီ ပွဲတော် အတွက် ကိုလုန်း မြို့ထဲက လမ်းတွေပေါ်မှာ ရဲတပ်ဖွဲ့ဝင် အင်အား နှစ်ထောင့် ငါးရာ ချထားမယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်း ဝင်ရောက်သူတွေရဲ့ လက်ချက်လို့ သံသယရှိတဲ့ နှစ်သစ်ကူး ကာလက ဖြစ်ခဲ့တဲ့ အမှုတွေကြောင့် ဂျာမနီ အနေနဲ့ တုန်လှုပ် ချောက်ချား ခဲ့ရတာ ဖြစ်ပါတယ်။ လိင်ပိုင်း စော်ကားတာ၊ လုယက်တာ ခံခဲ့ကြရတဲ့ အမျိုးသမီး စုစုပေါင်း တစ်ရာကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်သစ်ကူး ကာလ အမှုအခင်းတွေကြောင့် ကိုလုန်းမြို့ခံတွေ အနေနဲ့ ခိုလှုံခွင့် တောင်းခံသူတွေ အလုံးအရင်းနဲ့ ဝင်လာနေမှု အပေါ် စိတ်မသက်မသာ ဖြစ်ခဲ့ကြပါတယ်။

သီးခြား ဖြစ်ရပ် အနေနဲ့ ကြာသပတေးနေ့က ဘာလင်မြို့မှာ ဂျာမနီ ရဲတပ်ဖွဲ့က စီးနင်း ရှာဖွေမှုတွေ အတွင်း IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေနဲ့ ဆက်စပ်တယ်လို့ ယူဆရသူ ၃ ဦးကို ဖမ်းဆီး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ