ဂျူလီယန် အက်ဆန်း တရားမဝင် ထိန်းသိမ်းခံထားရ

  • 4 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP

ဝီကီလိခ် ထူထောင်သူ ဂျူလီယန် အက်ဆန်းဟာ တရားမဝင် ထိန်းသိမ်း ခံထားရတာ ဖြစ်တယ်လို့ ကုလ သမဂ္ဂ ခုံသမာဓိ အဖွဲ့ တစ်ဖွဲ့က ဆုံးဖြတ် လိုက်ကြောင်း ဘီဘီစီက သိရှိရပါတယ်။

မစ္စတာ အက်ဆန်းဟာ သူ့အပေါ် စွဲချက် တင်ထားတဲ့ မုဒိန်းမှုအတွက် ဆွီဒင်နိုင်ငံကို ပြန်ပို့ခံရမှာ စိုးတဲ့အတွက် လန်ဒန်မြို့က အီကွေဒေါ သံရုံးမှာ ၂၀၁၂ ခုနှစ် ကတည်းက ခိုလှုံ နေခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ အက်ဆန်း အနေနဲ့ အဖမ်း မခံရဘဲနဲ့ အီကွေဒေါ သံရုံးကနေ ထွက်ခွာလို့ မရတဲ့ အတွက် သူဟာ ဥပဒေနဲ့ မညီတဲ့ ထိန်းသိမ်း ခံရမှုနဲ့ ကြုံနေရတယ်လို့ ၂၀၁၄ ခုနှစ်မှာ ကုလ သမဂ္ဂကို တိုင်ကြား ခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းက မစ္စတာ အက်ဆန်းက ကုလ သမဂ္ဂရဲ့ ဆုံးဖြတ်ချက်က သူ့အလိုအတိုင်း ဖြစ်ခဲ့ရင် သူ့အပေါ် ထုတ်ထားတဲ့ ဖမ်းဆီးမိန့်ကို ပြန်ရုပ်ပေးဖို့ တွစ်တာက တဆင့် ပြောခဲ့ပါတယ်။

လန်ဒန် ရဲတပ်ဖွဲ့ကတော့ မစ္စတာ အက်ဆန်း အီကွေဒေါ သံရုံးကနေ ထွက်လာရင် အဖမ်း ခံရဦးမှာပဲလို့ ပြောပါတယ်။

ကုလ သမဂ္ဂ ခုံအဖွဲ့ရဲ့ တရားဝင် ထုတ်ပြန်ချက် ကိုတော့ မနက်ဖြန် သောကြာနေ့မှာ ကြေညာဖို့ ရှိပါတယ်။

ယူကေ အစိုးရ ပြောခွင့်ရသူ ကတော့ မစ္စတာ အက်ဆင်း အနေနဲ့ မုဒိန်းမှု စွဲချက်အတွက် အီးယူရဲ့ ဖမ်းဆီးမိန့်က ရှိနေသေးတာကြောင့် သူ့ကို ဥပဒေနဲ့အညီ ဆွီဒင်ကို ပြန်ပို့နိုင်ခွင့် ရှိနေသေးတယ်လို့ ပြောပါတယ်။

မစ္စတာ အက်ဆန်း အနေနဲ့ ဆွီဒင်ကို ရောက်သွားရင် သူ့ရဲ့ ဝီကီလိခ်က ဖော်ထုတ်ခဲ့တဲ့ လျှို့ဝှက် အချက်အလက်တွေ အတွက် အမေရိကန်ကို လွှဲပြောင်း ခံရမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ