ချစ်သူများနေ့ မတိုင်မီ ကွန်ဒုံးလှုပ်ရှားမှု ထိုင်း စတင်

  • 5 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ကွန်ဒုံး ဆောင်တာကို ရှက်တဲ့ ဓလေ့ကို ဖျောက်ဖို့ ဦးတည် ဆောင်ရွက်သွားမယ်လို့ ထိုင်း အာဏာပိုင်တွေက ပြော။

ထိုင်းနိုင်ငံမှာ ဆယ်ကျော်သက် လူငယ်တွေ အနေနဲ့ လိင်ဆက်ဆံရာမှာ သုံးတဲ့ ကွန်ဒုံးကို မရှက်မကြောက်ဘဲ ဆောင်ကြဖို့ တိုက်တွန်းတဲ့ လှုပ်ရှားမှု တစ်ခုကို ဗယ်လင်တိုင်း ချစ်သူများနေ့ မတိုင်ခင် စတင် လိုက်ပါတယ်။

အရင်က လုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေ မှာတော့ ဆယ်ကျော်သက် တွေကို ဘုရား ကျောင်းကန်တွေ သွားကြဖို့၊ သမီးရည်းစား ချိန်းတွေ့ရင်လည်း လိင်မဆက်ဆံဘဲ အိမ်ကို တန်းပြန်ကြဖို့ စသဖြင့် တိုက်တွန်း ခဲ့တာ ဖြစ်ပေမယ့် အခု လုပ်တဲ့ လှုပ်ရှားမှုမှာတော့ ရည်ရွယ်ချက် ပြောင်းသွားတာကို တွေ့မြင် ရပါတယ်။

ထိုင်း နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆယ်ကျော်သက် အရွယ် ကိုယ်ဝန်ဆောင်မှု အများဆုံး နိုင်ငံ တစ်ခု ဖြစ်ပြီး လိင်ကြောင့် ကူးစက်တဲ့ ရောဂါတွေ ဖြစ်ပွားမှုမှာလည်း တိုးပွား လာနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကို ၂၀၁၉ အထိ ပြုလုပ်သွားမှာ ဖြစ်သလို၊ လိင်ပညာပေးမှုတွေ ပိုကောင်းအောင် လုပ်ဖို့၊ ဆယ်ကျော်သက်တွေ ကွန်ဒုံး လွယ်လွယ်ရ နိုင်ဖို့နဲ့ ကိုယ်ဝန်ဆောင် ဆယ်ကျော်သက်တွေကို ပိုမို ထောက်ပံ့ဖို့ စတာတွေ ပါဝင်တဲ့ ဥပဒေ တစ်ရပ်ကိုလည်း ပြဋ္ဌာန်း ခဲ့ပါတယ်။

ထိုင်း နိုင်ငံက ၁၅ နှစ်ကနေ ၁၉ နှစ်ကြား မိန်းကလေး အယောက် တစ်ထောင်မှာ ငါးဆယ်ကျော်က နှစ်စဉ် ကိုယ်ဝန်ဆောင် မီးဖွား နေကြတယ်လို့ ဆိုပါတယ်။

၁၅ နှစ်နဲ့ အထက် ထိုင်း ဆယ်ကျော်သက်တွေကို မနှစ်က လုပ်ခဲ့တဲ့ စစ်တမ်း တစ်ခုအရ သူတို့ထဲက တစ်ဝက်လောက်ဟာ ကွန်ဒုံးဝယ်ဖို့ ရှက်ကြတယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြခဲ့ပါတယ်။

လိင်က တဆင့် ကူးစက်တဲ့ ရောဂါတွေ ဖြစ်ပွားမှုဟာလည်း ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ နှစ်ဆ တိုးလာခဲ့ပြီး၊ အသက် ၁၀ နှစ်ကနေ ၁၉ နှစ်ကြား အရွယ်တွေမှာတော့ ငါးဆ တိုးလတယ်လို့ အဲဒီ စစ်တမ်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ