ရက်စောပြီး ဒုံးပျံလွှတ်တင်ဖို့ မြောက်ကိုရီးယား စီစဉ်

  • 6 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption အရင်စမ်းသပ်မှုတွေလုပ်တုန်းကလည်း သိပ္ပံသုတေသန အတွက်လို့ မြောက်ကိုရီးယားက ပြောထားပါတယ်

မြောက်ကိုရီးယားက တာဝေးပစ်ဒုံးပျံကို သတ်မှတ်ထားတဲ့ရက်ထက်စောပြီး လွှတ်တင်ဖို့ စီစဉ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

မြောက်ကိုရီးယားက ကုလသမဂ္ဂကိုပေးပို့တဲ့စာထဲမှာ လွှတ်တင်မယ့်ရက်ကို ဒီလ ၇ရက်နေ့နဲ့ ၁၄ရက်နေ့ကြားမှာ လွှတ်တင်မယ်လို့ ဖော်ပြထားတဲ့အကြောင်း တောင်ကိုရီးယားက ဆိုပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ အဲဒီဒုံးပျံမှာ လေ့လာရေးဂြိုလ်ထုကို တပ်ဆင်ပြီး အာကာသထဲကို လွှတ်တင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် တောင်ကိုရီးယားနဲ့ ဂျပန်အစိုးရတို့ကတော့ ဒါကို တာဝေးပစ်ဒုံးကျည်စမ်းသပ်မှု တခုဖြစ်လို့ ယုံကြည်ထားကြပါတယ်။

မြောက်ကိုရီးယားကို ဘယ်လို ဒုံးကျည်မျိုးမဆို မလွှတ်တင်ဖို့ ကုလသမဂ္ဂက တားမြစ်ထား ပါတယ်။