တရုတ် နှစ်သစ်ကူးပွဲတော် ဆင်နွဲ ကျင်းပ

ဓာတ်ပုံ မူပိုင် AP
Image caption ကမ္ဘာတဝှမ်းက တရုတ်လူမျိုးတွေ နှစ်သစ်ကူး ပွဲတော် ဆင်နွဲနေ

တရုတ်နှစ်သစ်ကူး၊ နှစ်ဆန်း (၁) ရက်နေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ (၈)ရက်နေ့က စလို့ တရုတ်ရိုးရာအရ ‘ဆိတ်နှစ်’ ကုန်ဆုံးသွားပြီ ဖြစ်ပြီး ‘မျောက်နှစ်’ ထဲကို စတင် ဝင်ရောက်လာပြီဖြစ်ပါတယ်။

မနှစ်က ဆိတ်နှစ် တနှစ်လုံးဟာ တရုတ် တနိုင်ငံလုံး အဖို့ ယေဘုယျအားဖြင့် စီးပွားရေး မကောင်းခဲ့တဲ့နှစ် တနှစ် ဖြစ်ခဲ့သလို ဒီနှစ် ‘မျောက်နှစ်’ မှာလည်း စီးပွားရေး အခြေအနေက ပြန်လည် နလံထူမှ ထူနိုင်ပါ့မလားလို့ စိုးရိမ်ပူပန်ကြတာတွေ ရှိပေမယ့် တနှစ်မှတခါ ကြုံရတဲ့ နှစ်သစ်ကူးပွဲကိုတော့ တရုတ်လူမျိုး အားလုံးလိုလိုသာ မက တရုတ်နိုင်ငံအတွင်းက တရုတ် (ဟန်လူမျိုး) မဟုတ်တဲ့ တခြားသော တိုင်းရင်းသား လူမျိုးစုတွေပါ ပျော်ပျော်ပါးပါး ပါဝင် ကျင်းပနေကြပါတယ်။

ကမ္ဘာပေါ်က တရုတ်လူမျိုးတွေ အများဆုံး နေထိုင်ရာ မြို့တမြို့ ဖြစ်တဲ့ ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့က တရုတ်တန်းမှာလည်း ရိုးရာ နဂါးအကတွေနဲ့ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။

တရုတ်-မြန်မာနယ်စပ်တလျှောက်မှာလည်း တရုတ်ဖက်ခြမ်းက ရွှေလီ၊ ကျန်းဖုန်း၊ ယင်ကျန်း၊ ဝမ်တိန်၊ မန်စီ စတဲ့ တရုတ်နယ်စပ်မြို့တွေသာ မက မြန်မာနိုင်ငံဖက်ခြမ်းက မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ ကြူကုတ် (ဘန်ဆိုင်း)၊ လွယ်ဂျယ်စတဲ့ ဒေသတွေက တရုတ်နွယ်ဖွားတွေပါ တရုတ်နှစ်သစ်ကူးပွဲကို တခုတ်တရ ကျင်းပနေကြပါတယ်။

ဖေဖော်ဝါရီလ(၇)ရက်နေ့ညက ‘ နှစ်ကူးညစာစားပွဲကြီး’ တွေကို အကောင်းဆုံး ချက်ပြုတ် စားသောက်ခဲ့ကြပြီး တနေ့လုံး တညလုံး ဗျောက်အိုးသံ တဒိုင်းဒိုင်းနဲ့ အဆက်မပြတ် စည်ညံနေခဲ့သလို နှစ်ဆန်း(၁)ရက်နေ့ မှာတော့ တရုတ်လူမျိုးတိုင်း (ကိုယ့်အတိုင်းအတာနဲ့ ကိုယ်) တရုတ်ထုံးစံအရ အဝတ်သစ်တွေ ဝတ်ဆင်ကာ လှည့်လည် သွားလာ လည်ပတ် တာတွေ၊ ပျော်ပျော်ရွှင်ရွှင် မင်္ဂလာယူ နေထိုင် စားသောက်တာတွေ ပြုလုပ်ကြရင်း နှစ်သစ်ကူး ပွဲတော်ကို ကျင်းပနေကြပါတယ်။