ဆီးရီးယားမှာ အကျဉ်းသားတွေ သုတ်သင် ခံနေရ

  • 8 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ညှဉ်းပမ်းမှုတွေ၊ ရောဂါဘယတွေ၊ ဥပဒေမဲ့ ကွပ်မျက်မှု တွေကြောင့် ဆီးရီးယားမှာ အကျဉ်းသား များစွာ သေဆုံးခဲ့ရ။

ဆီးရီးယား နိုင်ငံမှာ ထောင်နဲ့ ချီတဲ့ အကျဉ်းသားတွေကို အမြစ်ဖြတ် သုတ်သင်တဲ့ မူဝါဒကို ဆီးရီးယား အစိုးရက ကျင့်သုံးခဲ့တယ်လို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

ကုလ သမဂ္ဂရဲ့ အစီရင်ခံစာ ထဲမှာ ဆီးရီးယား အတိုက်အခံတွေကို ထောက်ခံတဲ့ ဒါမှမဟုတ် အစိုးရ အပေါ် သစ္စာမရှိတဲ့ ထောင်သောင်း ချီတဲ့ ဆီးရီးယား အရပ်သားတွေကို သမ္မတ အာဆတ် အစိုးရက ဖမ်းဆီး ထိန်းသိမ်းပြီးနောက် သေတဲ့အထိ နှိပ်စက် ညှဉ်းပမ်းခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။

အဲဒီ လေ့လာချက် အစီရင်ခံစာ အရ ဆီးရီးယား အစိုးရရော အတိုက်အခံ အဖွဲ့တွေပါ နှစ်ဘက်စလုံးက စစ်ရာဇဝတ်မှု တွေကို ကျူးလွန် ခဲ့ကြတယ်လို့ ဖော်ပြ ထားပါတယ်။

အဖမ်းခံရသူ အများစုက နှိပ်စက် ညှဉ်းပမ်း ခံခဲ့ကြရပြီး၊ တချို့က သေတဲ့ အထိ ရိုက်နှက် ခံကြရကာ၊ တချို့ကတော့ အစာရေစာနဲ့ ဆေးဝါး မရှိလို့ သေဆုံး ကြရတယ်လို့ ဆိုပါတယ်။

ဒီတွေ့ရှိချက် အစီရင်ခံစာကို ဆီးရီးယား ပြည်တွင်းစစ် စတင်ခဲ့ချိန်က စပြီး ကိုယ်တိုင် ကြုံတွေ့ ခဲ့ကြတဲ့ မျက်မြင် သက်သေ ရာပေါင်း များစွာရဲ့ ထွက်ဆိုချက် တွေပေါ် အခြေခံထားတာ ဖြစ်ပါတယ်။

IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ကလည်း ထိန်းသိမ်းရေး စခန်းတွေ ဖွင့်ထားပြီး နှိပ်စက် ညှဉ်းပမ်း သုတ်သင်တာတွေ ပုံမှန် လုပ်နေတယ်လို့ အဲဒီ အစီရင်ခံစာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ