အရပ်သားနယ်မြေတွေကို ရုရှား ဗုံးကြဲနေတယ်လို့ ဂျာမနီဝန်ကြီးချုပ် ပြော

  • 8 ဖေဖော်ဝါရီ 2016
_davutoglu_merkel ဓာတ်ပုံ မူပိုင် Getty
Image caption ဒုက္ခသည် ဆိုင်ရာ အကြပ်အတည်းမှာ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ အနေနဲ့ ပါဝင် ပတ်သက် သင့်ပြီး တူရကီ ရဲ့ ကမ်းရိုး တန်း တွေ ကို စောင့်ကြပ် ပေးသင့်တယ် လို့ ၂ နိုင်ငံ ဝန်ကြီးချုပ် တွေ ပြော။

ဆီးရီးယား နိုင်ငံထဲ အရပ်သား တွေ နေထိုင် တဲ့ ဒေသ တွေမှာ ပြုလုပ်နေတဲ့ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် အင်မတန် ခြောက်ခြား တုန်လှုပ်ရတယ် ဆိုပြီး ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် က ပြောပါတယ်။

ဆီးရီးယား ပြည်တွင်းစစ် နဲ့ ဆက်စပ်ပြီး ဒေသတွင်း ဖြစ်ပေါ် နေတဲ့ ဒုက္ခသည် ပြဿနာ ကို ဘယ်လို ကိုင်တွယ် ကြမလဲ ဆိုတာ ဆွေးနွေးဖို့ ဝန်ကြီး ချုပ် မာ့ခဲလ် က တူရကီ နိုင်ငံ မြို့တော် အဲန်ကာရာ မှာ ရောက်ရှိနေပြီး တူရကီ ဝန်ကြီးချုပ် အာမက် ဒါဗူးတော်လူး နဲ့ တွေ့ ဆုံ ခဲ့ ပါတယ်။

တွေ့ဆုံ ပွဲ အပြီး တူရကီ ဝန်ကြီးချုပ် ဒါဗူးတော်လူးက က ဆီးရီးယား မြို့ အလက်ပ်ပို မှာ ပြုလုပ် နေတဲ့ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှု တွေ ရပ်တန့် အောင် သံတမန် နည်း နဲ့ ကြိုးစား ဆောင်ရွက် ဖို့ တူရကီ နဲ့ ဂျာမနီ ၂ နိုင်ငံကြား သဘောတူ ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင်၊ အခု ဖြစ်ပေါ် နေတဲ့ ဒုက္ခသည် ဆိုင်ရာ အကြပ်အတည်းမှာ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ အနေနဲ့ ပါဝင် ပတ်သက် သင့်ပြီး တူရကီ ရဲ့ ကမ်းရိုး တန်း တွေ ကို စောင့်ကြပ် ပေးသင့်တယ် လို့ လည်း ၂ နိုင်ငံ ဝန်ကြီးချုပ် တွေ က ပြောပါတယ်။

ဒါမှ အင်မတန် အန္တရာယ်များတဲ့ ပင်လယ် ခရီး တွေ ကနေ တဆင့် ဒုက္ခသည် တွေ ကို လူမှောင်ခို တွေက စေလွှတ် နေတာ ရပ်တန့် နိုင်လိမ့်မယ် လို့ ဆိုပါတယ်။

Image caption တူရကီ နယ်စပ် ကို ရောက်လာတဲ့ ဆီးရီးယား ဒုက္ခသည် အရေ အတွက် ၆ သိန်း လောက် အထိ တိုးတက် များပြား လာနိုင်။

အလက်ပ်ပို မြို့ တဝိုက် မှာတော့ ဆီးရီးယား အစိုးရ တပ်တွေ ဟာ ရုရှားရဲ့ လေကြောင်း ပစ်ကူ တွေ နဲ့ ထိုးစစ် အသစ် တွေ ဆက်လက် ပြုလုပ် နေပါတယ်။

အလက်ပ်ပို စစ်ပွဲ တွေ ကြောင့် ထွက်ပြေး လာကြရတဲ့ ဒုက္ခသည် တွေကို ဆီးရီးယား နိုင်ငံ နယ်နမိတ် ထဲမှာပဲ ထားပြီး ကူညီ ထောက်ပံ့မှု တွေ ပြုလုပ် ဖို့ ဦးစားပေး ဆောင်ရွက် မယ် ဆိုပြီး တူရကီ အစိုးရ က ပြောပါတယ်။

ဆီးရီးယား နဲ့ တူရကီ နယ်စပ် တလျှောက် က ဒုက္ခသည် စခန်း တွေ မှာ ဒုက္ခသည် ၇ သောင်း ၇ ထောင်ကို တူရကီ အစိုးရ က ထောက်ပံ့ ကူညီ ထားတယ် လို့ တူရကီ ဒု ဝန်ကြီးချုပ် နူမန် ကော်တိုလ်မွတ်ရှ် က ဆိုပါတယ်။

တူရကီ နယ်စပ် ကို ရောက်လာတဲ့ ဆီးရီးယား ဒုက္ခသည် အရေ အတွက် ၆ သိန်း လောက် အထိ တိုးတက် များပြား လာနိုင်တယ် လို့လည်း မစ္စတာ ကော်တိုလ်မွတ်ရှ် က သတိ ပေး ထား ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဝန်ကြီး ချုပ် ထရူးဒို ဟာ မနှစ်က ရွေးကောက်ပွဲ ကာလ မဲဆွယ်တုန်း ကနေဒါ ပြုလုပ် နေတဲ့ လေကြောင်း တိုက်ခိုက်မှု တွေကို အဆုံးသတ် မယ် ဆိုပြီး ကတိပေး ပြောဆို ထားပါတယ်။

တခါ၊ ကနေဒါ နိုင်ငံ က ဆီးရီးယား နဲ့ အီရတ် ထဲက အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS အပေါ် ပစ်မှတ် ထား ပြု လုပ်နေတဲ့ သူတို့ရဲ့ လေကြောင်း တိုက်ခိုက် မှု တွေကို အခု လ နှောင်းပိုင်း မှာ ရပ်လိုက် တော့မယ် ဆိုပြီး ပြောလာ ပါတယ်။

လေကြောင်း တိုက်ခိုက်မှု တွေ ပြုလုပ် ခြင်း အားဖြင့် နိုင်ငံတွင်း ရေရှည် တည်ငြိမ်မှု ရရှိ နိုင်မှာ မဟုတ်ဘူး ဆိုပြီး ကနေဒါ ဝန်ကြီး ချုပ် ဂျပ်စတင် ထရူးဒို က ဆိုပါတယ်။

ဝန်ကြီး ချုပ် ထရူးဒို ဟာ မနှစ်က ရွေးကောက်ပွဲ ကာလ မဲဆွယ်တုန်း ကနေဒါ ပြုလုပ် နေတဲ့ လေကြောင်း တိုက်ခိုက်မှု တွေကို အဆုံးသတ် မယ် ဆိုပြီး ကတိပေး ပြောဆို ထားပါတယ်။

ဒါပေမယ့် ကနေဒါ နိုင်ငံ ထဲ ကောက်ခံ ကြည့်တဲ့ စစ်တမ်း တွေ အရ ကနေဒါ နိုင်ငံသား သုံးပုံနှစ်ပုံ ဟာ လေကြောင်း တိုက်ခိုက်မှု တွေ ဆက်လက် လုပ်ဆောင် စေချင် တဲ့ သဘော ဆန္ဒ တွေ ရှိနေတာ တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ