New Hampshire ပြည်နယ်က ပါတီတွင်း သမ္မတလောင်း ရွေးပွဲ

  • 10 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption New Hampshire ပြည်နယ်က ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲကို စံချိန် ကျိုးရလောက်အောင် မဲပေးသူ များပြားခဲ့

အမေရိကန်နိုင်ငံ New Hampshire ပြည်နယ်မှာ ပါတီတွင်း သမ္မတလောင်း ရာထား ရွေးချယ်ပွဲတွေမှာ ရီပတ်ဘလီကန် ပါတီအတွက် သန်းကြွယ် သူဌေးကြီး စီးပွားရေး လုပ်ငန်းရှင် Donald Trump နဲ့ ဒီမိုကရက် ပါတီအတွက် Vermont ပြည်နယ်က လက်ဝဲယိမ်း ဆီးနိတ် အမတ် Bernie Sanders က အနိုင်ရသွားပါတယ်။

လူထုစစ်တမ်း ကောက်ယူမှုတွေမှာ ထောက်ခံမှု အများအပြား ရခဲ့တဲ့ Donald Trump ဟာ အခု New Hampshire ပြည်နယ်မှာတော့ တကယ်ပဲ အောင်ပွဲခံလိုက်နိုင်ခဲ့တာပါ။

Bernie Sanders အောင်ပွဲခံခဲ့တာလည်း သိပ်အံ့သြစရာ မရှိလှပါဘူး။ လူထု စစ်တမ်း ကောက်ယူမှုတွေအရ သူ့ကို Hilary Clinton ထက် ပိုထောက်ခံအားပေးကြတယ်လို့ ခန့်မှန်းထားတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်က Iowa ပြည်နယ်မှာတော့ ရီပတ်ဘလီကန် ပါတီအတွက် Texas ပြည်နယ်က ဆီးနိတ်လွှတ်တော်အမတ် Ted Cruz က အနိုင်ရပြီး ဒီမိုကရက်ပါတီ အတွက် Hilary Clinton က အနိုင်ရခဲ့ပါတယ်။