နယူးဟမ့်ရှိုင်းယားမှာ ထရမ့်နဲ့ ဆန်းဒါးစ် အနိုင်ရ

  • 10 ဖေဖော်ဝါရီ 2016
Image caption ဘီလျံနာ ထရမ့်နဲ့ ဆိုရှယ်လစ် ဆန်းဒါးစ် တို့ အနိုင်ရမှုက သမ္မတ ရွေးပွဲကို လှုပ်ခတ်သွားစေခဲ့။

အမေရိကန် ပြည်ထောင်စုမှာ ပါတီ ကိုယ်စားပြု သမ္မတလောင်း ရွေးပွဲ ဒုတိယမြောက် ပြည်နယ်အဆင့် ဖြစ်တဲ့ နယူး ဟမ့်ရှိုင်းယား ပြည်နယ် ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် ပါတီ အတွက် ဒေါ်နယ် ထရမ့်က အနိုင်ရပြီး ဒီမိုကရက် ပါတီအတွက် ဘာနီ ဆန်းဒါးစ်က အနိုင် ရခဲ့ပါတယ်။

ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ဘီလျံနာ မစ္စတာ ထရမ့်ဟာ ဒုတိယ နေရာက ဂျွန် ကေဆစ်ကို မဲအရေအတွက် နှစ်ဆလောက် အသာနဲ့ အနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရက် ပါတီမှာလည်း ဆီနိတ်တာ ဘာနီ ဆန်းဒါးစ်က ဟီလာရီ ကလင်တန်ကို မဲ ၂၀ ရာခိုင်နှုန်းလောက် အသာစီး ရခဲ့တာ ဖြစ်ပြီး၊ မစ္စတာ ဆန်းဒါးစ်က ဒါဟာ တကယ့် အပြောင်းအလဲကို ပြည်သူတွေ လိုချင်နေတယ် ဆိုတာကို ပြလိုက်တာပဲလို့ ပြောပါတယ်။

နယူး ဟမ့်ရှိုင်းယား ရလဒ်တွေဟာ လတ်တလော စစ်တမ်း ကောက်ယူမှုတွေ နဲ့တော့ ကိုက်ညီမှု ရှိပေမယ့် ဘီဘီစီ သတင်းထောက် ကတော့ ဘီလျံနာ ဒေါ်နယ်ထရမ့်နဲ့ လက်ဝဲ ဆိုရှယ်လစ် ဆန်းဒါးစ်တို့ အခုလို အနိုင်ရမယ် ဆိုတာကို လွန်ခဲ့တဲ့ တစ်နှစ်လောက် အထိ ဘယ်သူမှ မထင်မိခဲ့ကြဘူးလို့ ပြောပါတယ်။

ပြည်နယ်အဆင့် ပါတီကိုယ်စားပြု ရွေးကောက်ပွဲတွေ လုပ်ရတဲ့ ရည်ရွယ်ချက်က လာမယ့် နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် ပါတီတွေက ဘယ်သူတွေကို ပါတီ ကိုယ်စားပြု သမ္မတလောင်းတွေ အဖြစ် ဝင်ပြိုင်စေမှာလဲ ဆိုတာ ရွေးချယ် နိုင်ဖို့ ဖြစ်ပါတယ်။

နယူး ဟမ့်ရှိုင်းယား ရွေးကောက်ပွဲဟာ ဒုတိယမြောက် ပြည်နယ် အဆင့် ရွေးကောက်ပွဲဖြစ်ပြီး ပထမ ပြည်နယ် ရွေးကောက်ပွဲ အိုင်အိုဝါ မှာတုန်းက ရီပတ်ဘလီကန် အတွက် တက်ဒ် ခရုဇ်က အနိုင်ရခဲ့ပြီး ဒီမိုကရက် အတွက် မစ္စက် ကလင်တန်က အနိုင်ရခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ