အလက်ပိုမှာ ကယ်ဆယ်ရေး အခက်ကြုံ

  • 10 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အလက်ပို အနောက်ပိုင်းကို အစိုးရက ထိန်းချုပ်ပြီး အရှေ့ပိုင်းကို သူပုန်တွေက ထိန်းချုပ်ထားတဲ့အတွက် နှစ်ပိုင်းကွဲနေ

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့ ဆီကို သောက်သုံးရေ ဖြတ်တောက်ခံခဲ့ရပြီး လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး အခြေအနေတွေ တမဟုတ်ချင်း ဆိုးဝါးလာ နေတယ်လို့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီက ပြောပါတယ်။

လတ်တလော တိုက်ပွဲတွေကြောင့် အနည်းဆုံး လူ၅သောင်းလောက် အလက်ပိုမြို့ကနေ ထွက်ပြေးခဲ့ကြရတယ်လို့ ICRC အဖွဲ့က ပြောပါတယ်။

ဂျီနီဗာမြို့မှာ ရှိတဲ့ ICRC ဌာနချုပ် ကနေ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ အလက်ပိုမြို့နေ လူထုအနေနဲ့ ကယ်ဆယ်ရေး အေဂျင်စီတွေရဲ့ ရေပေးဝေရာနေရာတွေက ရေတွေကိုပဲ အခုအခါ အားကိုးနေရတယ်လို့ ဖေါ်ပြထားပါတယ်။

အလက်ပိုမြို့ထဲမှာ ရေ အဖြတ်ခံထားရတာ သီတင်းနှစ်ပတ် ကြာ ရှိသွားပြီ ဖြစ်ပြီး ဓါတ်ဆီဆိုင်တွေ အဖျက်ဆီးခံခဲ့ရသလို လျှပ်စစ်မီးနဲ့ လောင်စာဆီတွေ ရှားပါး ပြတ်လပ်နေပြီလို့ ဆိုပါတယ်။

ထောက်ပံ့ရေးအတွက် WFP ကမ္ဘာ့စားနပ်ရိက္ခာစီမံကိန်းအဖွဲ့ အသုံးပြုနေကျ လမ်းကြောင်းဖြစ်တဲ့ တူရကီတောင်ပိုင်းကနေ ဆီးရီးယားနိုင်ငံ အလက်ပို အရှေ့ပိုင်းကို သွားတဲ့ လမ်းကြောင်းဟာလည်း ဆီးရီးယား အစိုးရက ထိုးစစ်ဆင်မှုကြီး လုပ်ခဲ့အပြီး ပြီးခဲ့တဲ့သီတင်းပတ်က စလို့ ပိတ်ဆို့ခံထားရပြီ ဖြစ်ပါတယ်။

တကယ်လို့များ အလက်ပိုမြို့ မြောက်ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားရာ နေရာတွေကို ဆီးရီးယား အစိုးရတပ်တွေက ပိတ်ဆို့ ဝိုင်းထားလိုက်မယ် ဆိုရင်တော့ လူ၃သိန်းလောက် စားနပ် ရိက္ခာ အထောက်အပံ့တွေ မရပဲ ဖြစ်သွားလိမ့်မယ်လို့ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အလက်ပို ပြည်နယ် တခုလုံးမှာ ရှိတဲ့ ဆေးကုသရေး ဝန်ဆောင်မှု လုပ်ငန်းတွေလည်း ပြိုပျက်လုနီးပါး အခြေအနေ ရောက်နေပြီလို့ Medecins sans frontiers နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကလည်း သတိပေးလိုက်ပါတယ်။

သူတို့ ထောက်ပံ့ပေးနေတဲ့ ဆေးရုံအနည်းဆုံး ၃ခုဟာလည်း လေကြောင်း တိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ လေကြောင်းတိုက်ခိုက်မှုတွေ အကြီးအကျယ် မဖြစ်ခင်ကတည်းက အလက်ပိုမြို့ရဲ့ အခြေအနေက ဆိုးဝါးနေရာမှာ အခုကြုံတွေ့နေရတဲ့ ကယ်ဆယ်ရေး ပြဿနာကြောင့် ကပ်ဘေးဆိုက်တော့မယ့် အန္တရာယ်မျိုး ရောက်နေပြီလို့ ဂျီနီဗာမြို့ကနေ ဘီဘီစီ သတင်းထောက် Imogen Folkes က သတင်းပေးပို့ထားပါတယ်။