အေဂျီယံပင်လယ်ကို နေတိုး သင်္ဘောတွေ ပို့လွှတ်

  • 11 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption တူရကီကနေ ဂရိဘက်ကို ဖြတ်ကူးတဲ့ လမ်းကြောင်းက ရွှေ့ပြောင်းသူ အများစု ဥရောပကို ဝင်တဲ့ လမ်းဖြစ်။

ရွှေ့ပြောင်းသူတွေကို တူရကီကနေ ဂရိကို ပို့ဆောင်နေတဲ့ လူမှောင်ခို သမားတွေကို တားဆီးဖို့ အတွက် နေတိုးအဖွဲ့ပိုင် သင်္ဘာတွေကို အေဂျီယံ ပင်လယ်ထဲကို ပို့လွှတ်နေပြီလို့ နေတိုးအဖွဲ့ အကြီးအကဲ Jens Stoltenberg က ပြောပါတယ်။

တူရကီ၊ ဂျာမနီနဲ့ ဂရိ ကာကွယ်ရေး ဝန်ကြီးတွေက ဘရပ်ဆဲလ်မြို့ ဆွေးနွေးပွဲမှာ တောင်းဆို ခဲ့ပြီးနောက် အခုလို နေတိုး အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက် ထွက်ပေါ် လာတာပါ။

နေတိုး သင်္ဘောတွေရဲ့ လုပ်ငန်း ရည်ရွယ်ချက်က ရွှေ့ပြောင်းသူ တွေကို ပြန်ပို့ဖို့ မဟုတ်ဘဲ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ သတင်းတွေ ရယူတာ၊ စောင့်ကြည့်တာတွေ လုပ်ဖို့ ဖြစ်တယ်လို့ မစ္စတာ စတိုတင်ဘာ့ဂ်က ပြောပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ်တန် ကာတာ ကလည်း ဒုက္ခသည်တွေကို အမြတ်ထုတ်နေတဲ့ လူမှောင်ခို အဖွဲ့တွေကို ရှင်းလင်းမယ် ဆိုရင် အများကြီး ကူညီနိုင်ရာ ရောက်မယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။

တူရကီနဲ့ ဆီးရီးယား နယ်စပ်မှာလည်း နေတိုးအဖွဲ့က စောင့်ကြည့် ထောက်လှမ်းတာတွေ လုပ်နေပြီလို့ မစ္စတာ စတိုတင်ဘာ့ဂ်က ပြောပါတယ်။

ဥရောပဟာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း အကြီးကျယ်ဆုံး ဒုက္ခသည် ပြဿနာနဲ့ ရင်ဆိုင် နေရတာ လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ