ပြုံယမ်းက ဆက်သွယ်ရေး လိုင်းတွေကို ဖြတ်ပစ်မယ်

  • 11 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် epa
Image caption ပြုံယမ်းက နျူစမ်းသပ်မှု ထပ်လုပ်ခဲ့ပြီးနောက် တောင်နဲ့ မြောက် ဆက်ဆံရေး ပိုဆိုးလာခဲ့။

တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ လည်ပတ်နေခဲ့တဲ့ ကေဆောင်း စက်မှုဇုန်ကို တောင်ကိုရီးယား ဘက်က ရပ်ဆိုင်း လိုက်ပြီးနောက် တောင်ကိုရီးယားနဲ့ ချိတ်ထားတဲ့ အဓိက ဆက်သွယ်ရေးလိုင်း ၂ ခုကို ဖြတ်ပစ် တော့မယ်လို့ မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။

မြောက်ကိုရီးယား နျူစမ်းသပ်မှုနဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေ လုပ်ခဲ့လို့ အခြေအနေတွေ ပိုမို တင်းမာ လာနေချိန်မှာပဲ မြောက်ကိုရီးယားက အခုလို ပြောဆို လိုက်တာ ဖြစ်ပါတယ်။

ကေဆောင်း စက်မှုဇုန်ကို တောင်ကိုရီးယားက ပိတ်လိုက် တာဟာ စစ်ကြေညာ လိုက်တာပဲလို့ မြောက်ကိုရီးယားက ပြောလိုက်ပြီး အဲဒီ စက်မှုဇုန်ကို စစ်ဇုန် အဖြစ်လည်း သတ်မှတ် လိုက်တယ်လို့ မြောက်ကိုရီးယား ပြောပါတယ်။

ကေဆောင်း စက်မှုဇုန်ဟာ ကိုရီးယား နှစ်နိုင်ငံ အကြား ရှားရှားပါးပါး ပူးပေါင်း ဆောင်ရွက်မှုတွေ ထဲက တစ်ခု ဖြစ်ပြီး ပြုံယမ်းအတွက် အဓိက ဝင်ငွေ အရင်းအမြစ် တစ်ခုလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယား ကတော့ အဲဒီ စက်မှုဇုန်က ရတဲ့ ဝင်ငွေကို မြောက်ကိုရီးယား နျူလက်နက် အစီအစဉ်တွေမှာ အသုံးမပြုနိုင်အောင် ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ပြုံယမ်းဟာ သူတို့ရဲ့ ၄ ခုမြောက် နျူစမ်းသပ်မှုကို ပြီးခဲ့တဲ့ လက ပြုလုပ်ခဲ့သလို၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း အာကာသထဲကို ဂြိုဟ်တု လွှတ်တင်ခဲ့လို့ နိုင်ငံတကာက ဝိုင်းဝန်း ရှုတ်ချ ခဲ့ကြပါတယ်။

မြောက်ကိုရီးယားမှာ တောင်ကိုရီးယားနဲ့ အဓိက ဆက်သွယ်ရေးလိုင်း ၃ ခု ရှိရာမှာ တစ်ခုကို စစ်တပ်ဘက်က သုံးပြီး၊ ဒုတိယ တစ်ခုကို စစ်ကင်းမဲ့ဇုန်မှာ ရှိတဲ့ ကုလသမဂ္ဂ ရုံးနဲ့ ဆက်သွယ်ဖို့ သုံးကာ၊ တတိယ တစ်ခုကတော့ ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့က သုံးတဲ့ လိုင်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ