ဆီးရီးယားမှာ တပတ်အတွင်း အပစ်ရပ်ဖို့ သတ်မှတ်

  • 12 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင်
Image caption အစိုးရ ထိုးစစ်ဆင်ခဲ့ပြီးကတည်းက လူ၅သောင်းကျော် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရ

ဆီးရီးယား နိုင်ငံတဝှမ်း တိုက်ပွဲတွေ ရပ်ဆိုင်းသွားစေရေးကို သီတင်း တပတ်အတွင်း လုပ်ဆောင်ဖို့ ISSG နိုင်ငံတကာ ဆီးရီးယား ထောက်ပံ့ရေး အုပ်စုဝင် နိုင်ငံတွေက ရက်သတ်မှတ် လိုက်ကြပြီး အဲဒီမှာ ဖြစ်ပွားနေတဲ့ ကယ်ဆယ်ရေး အကြပ်အတည်းတွေ ပြေလျော့သွားစေရေး ဆောင်ရွက်မှုတွေ လုပ်ဖို့ သဘောတူလိုက်ကြပါတယ်။

အခုလို အပစ်အခတ် ရပ်စဲမှုတွေကို သီတင်းတပတ်အတွင်း လုပ်ဆောင်ဖို့ ရက်သတ်မှတ်မှုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov ၊ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Staffan de Mistura တို့နဲ့ အတူ မြူးနစ်မြို့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ကြေညာခဲ့တာပါ။

အပစ်အခတ် ရပ်စဲရေး အတွက် ဒီ ရက်သတ်မှတ်ချက်ကို ရည်မှန်းချက် ကြီးကြီးနဲ့ လုပ်ခဲ့တာ ဖြစ်ပြီး ရုရှားနဲ့ အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ပိုမို ကျယ်ပြန့် တည်တံ့တဲ့ ရေရှည် အပစ်အခတ် ရပ်စဲရေး တခု အတွက် ရှေ့ရှု ဆောင်ရွက်နေချိန်မှာပဲ အကြမ်းဖက်မှုတွေ ချက်ချင်း လျော့ကျသွားအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မစ္စတာ Kerry က ပြောပါတယ်။

လူသားချင်း စာနာတဲ့ ကယ်ဆယ်ထောက်ပံ့မှုတွေကို ချက်ချင်း စ ဖြန့်ဖြူးပို့ဆောင်သင့်ကြောင်းနဲ့ အဲဒီလို သွားရောက် ဖြန့်ဖြူးခွင့်ကို ဆီးရီးယား ပဋိပက္ခမှာ ပါဝင်သူတွေအားလုံး အသေအချာ သဘောတူရေးအတွက် ကုလသမဂ္ဂ အထူးလုပ်ငန်း အဖွဲ့တဖွဲ့က စတင်တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ကြောင်း ISSG အုပ်စုက ပြောပါတယ်။