ဟောင်ကောင် စာအုပ်ရောင်းသူကိစ္စ၊ တရုတ်ကို ယူကေ စွပ်စွဲ

  • 12 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ Paul Lee ခေါ် Lee Bo ဟာ ၂၀၁၅ ဒီဇင်ဘာမှာ ဟောင်ကောင် ကနေ ပျောက်သွားခဲ့

ဟောင်ကောင် ကနေ ပျောက်သွားတဲ့ ဗြိတိန် နိုင်ငံသား စာအုပ်ရောင်းသူဟာ အလိုမတူဘဲ တရုတ် ပြည်မကြီးဆီ ခေါ်ဆောင် ခံခဲ့ရတာ ဖြစ်ပြီး၊ ဒါဟာ ဟောင်ကောင်ကို တရုတ်ထံ လွှဲပြောင်းခဲ့ချိန်က သဘောတူခဲ့တဲ့ ပဋိညာဉ် စာချုပ်ကို တရုတ်က ဆိုးဆိုးရွားရွား ချိုးဖောက် လိုက်တာပဲလို့ ယူကေ အစိုးရက ပြောလိုက်ပါတယ်။

ယူကေ နိုင်ငံခြားရေး ဝန်ကြီး ဖီးလစ် ဟမ်မန်းရဲ့ ထုတ်ပြန်ချက်ထဲမှာ အဲဒီလို ပြောထားတာ ဖြစ်ပြီး၊ ဒါဟာ စာအုပ်ရောင်းသမား မစ္စတာ လီဘို Lee Bo နဲ့ ပတ်သက်လို့ ယူကေ အစိုးရရဲ့ အပြင်းထန်ဆုံး မှတ်ချက် စကားလည်း ဖြစ်ပါတယ်။

ဟောင်ကောင်မှာ ပျောက်နေတဲ့ စာအုပ်ရောင်းသမား ၅ ယောက် ရှိပြီး သူတို့ထဲမှာ မစ္စတာ လီက ဗြိတိသျှ ပတ်စ်ပို့ ကိုင်းထားသူ ဖြစ်ပါတယ်။ သူတို့ ၅ ယောက်စလုံးဟာ တရုတ် ခေါင်းဆောင်တွေ အကြောင်း ဝေဖန်တဲ့ စာအုပ်တွေကို ထုတ်ဝေတဲ့ Mighty Current ဆိုတဲ့ စာအုပ်တိုက်နဲ့ အဆက်အစပ် ရှိသူတွေ ဖြစ်ပါတယ်။

မစ္စတာ လီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ဟောင်ကောင် ကနေ ပျောက်သွားပြီးနောက် တရုတ် ပြည်မကြီးမှာ ထိန်းသိမ်းခံထားရတာကို သိခဲ့ကြရပါတယ်။ မစ္စတာ လီကတော့ တရုတ်အစိုးရရဲ့ စုံစမ်းမှုမှာ သူ့ ဆန္ဒအလျာက် ပါဝင် ကူညီဖို့ ဟောင်ကောင်ကနေ သူ့သဘောအတိုင်း ထွက်ခဲ့တာလို့ ပြောခဲ့ပါတယ်။

တရုတ် အစိုးရကတော့ ယူကေ နိုင်ငံခြားရေး ဝန်ကြီးရဲ့ စကားကို တရားဝင် တုံ့ပြန်တာ မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ