တစ်နိုင်ငံလုံးကို ပြန်သိမ်းမယ်လို့ အာဆတ် ပြော

  • 12 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှားရဲ့ အကူအညီနဲ့ သမ္မတ အာဆတ် အင်အား ပြနိုင်စွမ်း ရှိနေ။

ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆတ်က ဆီးရီးယား တစ်နိုင်ငံလုံးကို ပြန်သိမ်းဖို့ ရည်ရွယ် ထားတယ်လို့ ပြောလိုက်ပါတယ်။

အေအက်ဖ်ပီ သတင်းဌာနကို ပြောရာမှာ သမ္မတ အာဆတ်က ဆီးရီးယား အရေးမှာ တခြားနိုင်ငံတွေ ပါဝင် ပတ်သက်နေတဲ့ အတွက် သူပုန်တွေကို နှိမ်နင်းရာမှာ အချိန် ကြာစေတယ်လို့ သူက ပြောပါတယ်။

ဆီးရီးယားမှာ တစ်ပတ်အတွင်း အပစ်ရပ်ရေး စတင် လုပ်ဆောင်ဖို့ နိုင်ငံကြီးတွေ သဘောတူခဲ့ပြီး မကြာမီမှာပဲ ဒီသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အစောပိုင်းက ကုလ သမဂ္ဂက တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ဆီးရီးယား ဒုက္ခသည်တွေ အတွက် ထောက်ပံ့ရေး အကူအညီတွေကို ၂၄ နာရီအတွင်း စတင် ပေးပို့နိုင်ခြေ ရှိတယ်လို့ ပြောခဲ့ပါတယ်။

မစ္စတာ အာဆတ်က သူ့ရဲ့ အင်တာဗျူးမှာ နိုင်ငံတကာက ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေချိန် ကာလမှာလည်း အကြမ်းဖက် ဝါဒကို ဆက်တိုက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆီးရီးယား အပစ်ရပ်ရေး စတင်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ သဘောတူခဲ့တဲ့ မြူးနစ် ဆွေးနွေးပွဲ မတိုင်မီမှာ သမ္မတ အာဆတ်က ပြောခဲ့တာ ဖြစ်ပါတယ်။

ငါးနှစ် နီးပါး ကြာမြင့်ခဲ့တဲ့ ဆီးရီးယား စစ်ပွဲတွေကြောင့် လူပေါင်း နှစ်သိန်းခွဲကျော် သေဆုံး ခဲ့ရပြီး ၁၁ သန်းလောက် နေရပ်စွန့်ခွာ ခဲ့ကြရပြီး ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် တချို့ ဆီးရီးယား မြို့တွေကို တစ်နှစ်ကျော် လောက်အထိ ကယ်ဆယ်ရေး ပစ္စည်းတွေ မရောက်ခဲ့ပါဘူး။ ဆီးရီးယားမှာ လူပေါင်း ၁၃ သန်းခွဲလောက်က ထောက်ပံ့ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ