မြူးနစ် သဘောတူမှု အပေါ် ဆီးရီးယား သူပုန် အဖွဲ့တွေ သံသယ အကြီးအကျယ် ထားရှိ

  • 12 ဖေဖော်ဝါရီ 2016
_syria ဓာတ်ပုံ မူပိုင် AFP
Image caption အပစ်ရပ်မှု ဖြစ်ပေါ် ဖို့ဆိုရင် ဆီးရီးယား အစိုးရ ရဲ့ မဟာမိတ် ဖြစ်တဲ့ ရုရှား ရဲ့ လေကြောင်း တိုက်ခိုက်မှု တွေ ရပ်မှ ဖြစ်မယ်။

ဆီးရီးယား အရေး နဲ့ ပတ်သက်ပြီး မြူးနစ် သဘောတူမှု ဖြစ်တဲ့ သီတင်းတစ်ပတ် အတွင်း အပစ်ရပ် ကြဖို့ ဆိုတဲ့ အပေါ် သူပုန် အဖွဲ့တွေ ကြား စိတ်အား ထက်သန်မှု နဲ့ ယုံကြည်မှု နည်းပါး နေကြ ပါတယ်။

သူပုန် အဖွဲ့ တော်တော် များများ နဲ့ ဘီဘီစီ က စကားပြောခဲ့တာမှာ အပစ်ရပ်မှု ဖြစ်ပေါ် ဖို့ဆိုရင် ဆီးရီးယား အစိုးရ ရဲ့ မဟာမိတ် ဖြစ်တဲ့ ရုရှား ရဲ့ လေကြောင်း တိုက်ခိုက်မှု တွေ ရပ်မှ ဖြစ်မယ် လို့ တညီတညွတ်တည်း ပြောနေကြ ပါတယ်။

အစောပိုင်းတုန်း ကလည်း ဆီးရီးယား တနိုင်ငံလုံးကို ပြန်လည် ထိန်းချုပ် နိုင်တဲ့ အထိ တိုက်ခိုက် သွားဖို့ ရည်ရွယ် ထားတယ် ဆိုပြီး ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆတ် က ပြောပါတယ်။

ပြင်သစ် သတင်း ဌာန တစ်ခု ဖြစ်တဲ့ AFP နဲ့ မေးမြန်းခန်း မှာ သမ္မတ အာဆတ် က အခုလို ပြောလာ တာ ဖြစ်ပါတယ်။

ဆီးရီးယား ငြိမ်းချမ်းရေး အတွက် ဆိုပြီး စကားပြော ပွဲ တွေ လုပ်ဆောင် နေတယ် ဆိုရင်တောင် သူ့ အနေနဲ့ တော့ အကြမ်းဖက် ဝါဒကို ဆက်လက် တိုက်ခိုက် နေမှာ ဖြစ်တယ် လို့ မစ္စတာ အာဆတ် က ဆိုပါတယ်။

ဆီးရီးယား မှာ သီတင်း တစ်ပတ် အတွင်း အပစ်ရပ် ကြဖို့ ကမ္ဘာ့ အင်အားကြီး နိုင်ငံ တွေ သဘောတူ ခဲ့တဲ့ မြူးနစ်မြို့ ဆွေးနွေးပွဲ မတိုင်ခင် သမ္မတ အာဆတ် နဲ့ AFP အင်တာဗျုး လုပ်ထားတာ ဖြစ်ပါတယ်။

ဆီးရီးယား ပဋိပက္ခ ကို စစ်ရေးနည်းနဲ့ ဖြေရှင်း နိုင်မယ်လို့ မစ္စတာ အာဆတ် တွေး နေတာ ဟာ မဖြစ်နိုင်တာ ကို အဟုတ်ထင်မှတ် နေတာ မျိုး ဖြစ်တယ် လို့ အမေရိကန် နိုင်ငံ ခြားရေး ဌာန က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ