ဆီးရီးယား အကူအညီ ၂၄ နာရီအတွင်း ကုလ စပို့မယ်

  • 12 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား စစ်ပွဲတွေကြောင့် လူ ၁၃ သန်းခွဲ နေရပ်စွန့်ခွာ ခဲ့ကြရပြီး နှစ်သိန်းခွဲကျော် သေဆုံးခဲ့။

ဆီးရီးယား နိုင်ငံထဲက စစ်ပွဲတွေ အကြား ပိတ်မိနေတဲ့ နေရာတွေကို ၂၄ နာရီအတွင်း ထောက်ပံ့ရေး အကူအညီတွေ ပို့နိုင်လိမ့်မယ်လို့ ကုလ သမဂ္ဂက ပြောလိုက်ပါတယ်။

ဆီးရီးယား နိုင်ငံအနှံ့ အပစ်ရပ်ရေးကို တစ်ပတ်အတွင်း စတင်နိုင်အောင် လုပ်ဆောင်ဖို့ ကမ္ဘာ့ ခေါင်းဆောင်တွေ သဘောတူခဲ့ပြီး မကြာမီမှာ အခုလို ကုလ သမဂ္ဂရဲ့ ပြောဆိုမှု ထွက်ပေါ် လာတာပါ။

တစ်ပတ်အတွင်း အပစ်ရပ်မှု စတင်မယ့် အစီအစဉ်က ဂျီဟတ် အုပ်စုတွေ ဖြစ်တဲ့ IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့နဲ့ အယ်ခိုင်ဒါ အဖွဲ့ခွဲ ဖြစ်တဲ့ al-Nusra Front အဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေကိုတော့ သက်ရောက်မှာ မဟုတ်ပါဘူး။

အပစ်ရပ်မယ့် အစီအစဉ်ကို ဆီးရီးယား အစိုးရ ဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပေမယ့် အဓိက သူပုန် ညွန့်ပေါင်းအဖွဲ့ ကတော့ ဒီအစီအစဉ်ကို ကြိုဆို ခဲ့ကြပါတယ်။

တိုက်ပွဲတွေကြောင့် တချို့ ဆီးရီးယား မြို့တွေကို တစ်နှစ်ကျော် လောက်အထိ ကယ်ဆယ်ရေး ပစ္စည်းတွေ မရောက်ခဲ့ပါဘူး။

ငါးနှစ် နီးပါး ကြာမြင့်ခဲ့တဲ့ ဆီးရီးယား စစ်ပွဲတွေကြောင့် လူပေါင်း နှစ်သိန်းခွဲကျော် သေဆုံး ခဲ့ရပြီး ၁၃ သန်းခွဲလောက် နေရပ်စွန့်ခွာ ခဲ့ကြရပြီး ဖြစ်ပါတယ်။

အခုလို ထောက်ပံ့ရေး အကူအညီတွေ ပို့ပေးမယ့် အစီအစဉ်ဟာ ဆီးရီးယား ထောက်ပံ့ရေး နိုင်ငံတကာ အဖွဲ့ (ISSG) အဖွဲ့ဝင် ၁၇ နိုင်ငံက မြူးနစ်မြို့မှာ သဘောတူခဲ့တဲ့ အစီအစဉ်တွေထဲက တစ်ခု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ