ဗြိတိန်သာ ထွက်သွားရင် အီးယူ ပြိုကွဲနိုင်

  • 15 ဖေဖော်ဝါရီ 2016
_britain_eu_flag ဓာတ်ပုံ မူပိုင် Getty
Image caption အီးယူ နိုင်ငံ တွေက နေ ဗြိတိန် ထဲ လာရောက် အခြေချသူတွေ အပေါ် လူမှုဖူလုံရေး အထောက်အပံ့ တွေ လျှော့ချ ဖြတ်တောက် ရေး အပါအဝင် အီးယူ အဖွဲ့အစည်း အတွင်း ပြုပြင်ပြောင်းလဲရေး တွေ လုပ်ဆောင်ဖို့ ဗြိတိန်က လိုလား နေပါတယ်။

ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ ထဲကနေ ထွက်ဖို့ ဗြိတိန် နိုင်ငံ ဆုံးဖြတ် လာမယ်ဆိုရင် အီးယူ အဖွဲ့ ပြိုကွဲ သွားမယ့် အန္တရာယ် ရှိတယ် ဆိုပြီး ဥရောပ ကောင်စီ ဥက္ကဌ ဒေါ်လ်နယ်တုစ်ခ် က သတိပေး ပြောကြား လိုက်ပါတယ်။

အီးယူ နဲ့ ဗြိတိန် အကြား ဆွေးနွေး နေတာ အင်မတန် အရေးကြီးတဲ့ အခြေအနေကို ရောက်နေပြီး သတိထား ကိုင်တွယ်ဖို့ လိုအပ်တယ် ဆိုပြီးတော့လည်း မစ္စတာ တုစ် က ဆိုပါတယ်။

အီးယူ ထဲက ထွက်မလား ဆိုတာ ကို ဗြိတိန် နိုင်ငံမှာ ဆန္ဒခံယူပွဲ ကျင်းပပြီး မဆုံးဖြတ်ခင်မှာ ဗြိတိန် တောင်းဆို ထားတာ တွေကို အီးယူ ဘက်က လိုက်လျော ဖို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ပြောထားပါတယ်။

အီးယူ နိုင်ငံ တွေက နေ ဗြိတိန် ထဲ လာရောက် အခြေချသူတွေ အပေါ် လူမှုဖူလုံရေး အထောက်အပံ့ တွေ လျှော့ချ ဖြတ်တောက် ရေး အပါအဝင် အီးယူ အဖွဲ့အစည်း အတွင်း ပြုပြင်ပြောင်းလဲရေး တွေ လုပ်ဆောင်ဖို့ ဗြိတိန်က လိုလား နေပါတယ်။

လာမယ့် ကြာသာပတေး နေ့ ဘရပ်ဆဲလ် မြို့တော် မှာ ကျင်းပမယ့် အီးယူအဖွဲ့ ထိပ်သီး ညီလာခံမှာ အီးယူ နဲ့ ဗြိတိန် အကြား သဘောတူညီမှု တစ်ရပ် ရရှိဖို့ ဝန်ကြီးချုပ် ကင်မရွန် မျှော်လင့်ထားပါတယ်။

ဒီအချိန်မှာပဲ၊ ဥရောပ တိုက် တောင်ပိုင်း နယ်စပ် ဝင်ပေါက် တွေ ကနေ လူတွေ ပြောင်းရွှေ့ ဝင်ရောက်မှု ကို ထိန်းချုပ် နိုင်ရေး အတွက် အစီအစဉ်သစ် တွေ တိုးမြှင့် လုပ်ဆောင် ပါဆိုပြီး အီးယူ အဖွဲ့ကို ဥရောပ အလယ်ပိုင်းနိုင်ငံ ၄ နိုင်ငံက တောင်းဆို လိုက်ပါတယ်။

ချက် ရီပတ်ဘလစ် နိုင်ငံ မြို့တော် ပရက်ဂ် မှာ၊ အိမ်ရှင် ချက် အပါအဝင် ဟန်ဂေရီ၊ ပိုလန်နဲ့ ဆိုလိုဗက်ကီးယား နိုင်ငံတွေ တွေ့ဆုံ နေကြပြီး လူဝင်မှု ပြဿနာ ကို ဆွေးနွေး နေကြ ပါတယ်။

လူဝင်ရောက်မှု ထိန်းချုပ် နိုင်ရေး အတွက် အီးယူ ရဲ့ လက်ရှိ အစီအစဉ် တွေ ဟာ ဂရိ နဲ့ တူရကီ နိုင်ငံ တွေ အပေါ်မှာ သာ အဓိက မှီခို နေရတယ် ဆိုပြီး အဲဒီ့ ၄ နိုင်ငံက ဝေဖန် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ