ပုပ် ဂျွန်ပေါလ်ရဲ့ ပေးစာတွေ အတွင်းရေး ဖော်ပြ

  • 15 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Bill Jadwiga Smith
Image caption ၁၉၇၈ ခုနှစ်က ဘုန်းတော်ကြီး Wojtyla ဘဝမှာ Anna-Teresa Tymieniecka နဲ့ အတူ အပျော်ခရီးထွက်စဉ်။

ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် (ဒုတိယ) နဲ့ အိမ်ထောင်သည် အမျိုးသမီး တစ်ဦး တို့အကြား နှစ်ပေါင်း ၃၀ ကျော်ကြာ အလွန် ရင်းနှီးခဲ့တဲ့ ဆက်ဆံရေးကို ဖော်ပြနေတဲ့ ရာနဲ့ချီတဲ့ စာတွေ၊ ဓာတ်ပုံတွေကို ဘီဘီစီက ရရှိခဲ့ပါတယ်။

ပိုလန်ဖွား အမေရိကန်သူ Anna-Teresa Tymieniecka နဲ့ ပုပ် ဂျွန်ပေါလ် တို့အကြား အပြန်အလှန် ပေးစာတွေကို ပိုလန် အမျိုးသား စာကြည့်တိုက်က အများမြင်ကွင်းကနေ ကွယ်ဝှက် သိမ်းဆည်း ထားခဲ့တာပါ။

ဒါပေမယ့် အဲဒီ စာတွေ၊ ဓာတ်ပုံတွေ အရ ပုပ်ရဟန်းမင်း ဂျွန်ပေါလ် အနေနဲ့ မေထုန်မှု ကျူးလွန်တဲ့အထိ အကျင့်သီလ ဖောက်ဖျက်ခဲ့တဲ့ လက္ခဏာတော့ မတွေ့ရပါဘူး။

ပုပ်ရဟန်းမင်း ဂျွန်ပေါလ် ဖြစ်မလာခင် ကာဒီနယ် ဘုန်းတော်ကြီး Karol Wojtyla ဘဝ၊ ၁၉၇၃ ခုနှစ်မှာ မစ္စက် Tymieniecka က စာအုပ်တစ်အုပ် အကြောင်း စာရေးခဲ့ရာ ကနေ ခင်မင်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် အပြန်အလှန် စာပေးစာယူ လုပ်ခဲ့ကြပြီးနောက် ပိုမို ရင်းနှီးတဲ့ ဆက်ဆံရေးကို ရရှိခဲ့ကြပါတယ်။ ကာဒီနယ် Karol Wojtyla က မစ္စက် Tymieniecka ကို အားလပ်ရပ် အတူ လျှောက်လည်ဖို့၊ စကိတ်စီး အပန်းဖြေ ခရီးထွက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး အတူ သွားလာ ခဲ့ကြတဲ့ ရှားပါး ဓာတ်ပုံတွေကို တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Bill Jadwiga Smith
Image caption ပုပ် ဂျွန်ပေါလ် ရှိရာ ဗာတီကန်ကို အလည်လာတဲ့ မစ္စက် တိုင်မီနီယက်ကာ

ပုပ်ရဟန်းမင်း အဖြစ် တင်မြှောက်ခံရပြီး နောက်ပိုင်းမှာလည်း စာအဆက်အသွယ် ဆက်ရှိခဲ့ပါတယ်။ ပုပ်ရဟန်းမင်း ရှိရာ ဗာတီကန်ကို မစ္စက် တိုင်မီနီယက်ကာ အလည်လာတဲ့ ဓာတ်ပုံတွေကိုလည်း တွေ့ရပါတယ်။

၂၀၀၅ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် (ဒုတိယ) ကွယ်လွန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ